Pages

Subscribe:

Ads 468x60px

Monday, June 30, 2014

ထွက်ပေါက်


စိတ်အဟာရငတ်ပြတ်နေတဲ့
အပြင်းစားဝေဒနာသည်တစ်ယောက်က
ငါ့ကိုဝါးမြိုထားတယ်..
တည်ရှိနေခြင်းများအားလုံးကို
ခါးသီးစွာပဲ နှုတ်ဆက်...
ဘယ်နေရောင်ခြည်ကမှ
ငါ့ကိုယ်ကိုဖောက်ပြီး
ငါ့စိတ်ကို မလင်းစေခဲ့ဘူး မနွေးစေခဲ့ဘူး
အေးခဲနေတဲ့ အမည်းရောင်သင်္ကေတမှာ
နစ်မြုပ်နေတဲ့ ငါက..
တစ်ကယ့် အကန်း...
ဝမ်းနည်းဆွေးမြေ့မှုဆိုတာ
ငါ့အသုဘမှာတောင်
ဖဲတက်ရိုက်မယ့်ကောင်မဟုတ်ဘူး..
ပျော်ရွှင်စရာလည်း နတ္တိနဲ့ကောင်
ကျဆုံးခြင်းနဲ့ စိတ်တံခါးကြား
ငါကိုယ်တိုင်..
ဝမ်းလျားထိုးပြီး တံတားခင်းလိုက်တယ်...
ငါ့လက်ဖဝါးပေါ် ဘယ်လက်ဗွေရာမှမထင်တော့
ငါ့ပခုံးပေါ် ဘယ်သူ့လက်မောင်းမှမတင်ကြတော့
အတိတ်တွေ ဆွံ့အကုန်တယ်
အရိပ်တွေမှေးမှိန်ကုန်တယ်
ကျိုးနေတဲ့ခြေထောက်တွေနဲ့ ဆွေးနေတဲ့လှေကားပေါ်
ဘယ်လိုတက်ရမလဲ မသင်ယူလိုတော့
ငါ ကျောင်းထွက်ခဲ့ပြီ...
ငါဟာ တဖြည်းဖြည်း
လေး လံ ထိုင်း မှိုင်း
မျက်ရည်မရှိတော့ မျှော်လင့်ချက်မရှိတော့
ဈေးပေါပေါ အပြုံးအတွက်
ဟာသရုပ်ရှင်လက်မှတ်နဲ့ လဲခဲ့တာတောင်
နှစ်သိမ့်ကျေနပ်မှုဟာ ပိုးကိုက်ခံရတဲ့သီးနှံခင်းလို
ငါ့မှာ ဘာမှမရှိတော့...
နေရောင်ဟာပြန်နွေးထွေးလို့
စိမ်းလန်းခြင်းဟာ တရှိန်ထိုးအေးမြ
ပန်းတွေပွင့်နေတာများ တလောကလုံးအပြည့်
ကမ္ဘာသစ်သို့ ခြေလှမ်း..
ငါ့အပြုံးကိုငါ ပြန်ခံစားမိလိုက်ချိန်
ငါ့လက်ကောက်ဝတ်မှာ
စီးဆင်းနေတဲ့ အနီရောင်ရေတံခွန်
နောက်ဆုံးသော
ငါ့ရဲ့ရှုခင်းအဖြစ် လှပလွန်းခဲ့.....။


ရေမှော်