Pages

Subscribe:

Ads 468x60px

Showing posts with label မင်းသီ. Show all posts
Showing posts with label မင်းသီ. Show all posts

Friday, May 9, 2014

''ကျွန်တော်က………………''

ကျွန်တော်ဟာ လူညံ့ပါ.. အလွမ်းတွေကို .. သိုလှောင်တတ်တဲ့ ကောင်ပါ ..

ကျွန်တော်ဟာ .. လူညံ့ပါ
နောက်ပြောင်တာကို အတည်ယူတတ်ပြီး .. အတည်ပြောတာကို .. ကျီစားတာ နေမှာလို့ သဘောထားတတ်တဲ့ ကောင်ပါ...

ကျွန်တော်ဟာ .. လူညံ့ပါ
တခါတလေကျ .. ဘဝကို အိတ်ကပ်ထဲ ထည့်ထားပြီး ကျပျောက်သွားသလို လိုက်ရှာတတ်တဲ့ ကောင်ပါ..

ကျွန်တော်ဟာ .. လူညံ့ပါ
ခွေးအ,ဟောင်တဲ့ ညမှောင်မှောင်မှာ .. ရင်ဘက်အပေါက်နဲ့ .. အိပ်မက်တွေ လိုက်ကောက်တတ်ပါတယ် ..

ကျွန်တော်ဟာ .. လူညံ့ပါ
မြတ်နိုးမှုကို သက်သေထူရင်းက ..
ချစ်သူရဲ့ အထင်လွဲမှုတွေ ဆက်တိုက်ဖြစ်စေခဲ့ပါတယ် ..

ကျွန်တော်ဟာ .. လူညံ့ပါ
ကိုယ့်ဘာသာကိုယ် သစ္စာဆိုရင်တောင်မှ လူတွေက .. သူတို့အတွက် ဟာသလို့ ထင်တတ်ကြတာပါ ..

ကျွန်တော်ဟာ ... လူညံ့ပါ
သူများတွေ တပ်မက်တဲ့ အခွင့်အလမ်းကိုမှ .. လက်နဲ့ပုတ်ချတတ်တဲ့ ကောင်ပါ..

ကျွန်တော်ဟာ .. လူညံ့ပါ ရေကြောင်းသိပ္ပံတက်ပြီး ဈေးရောင်းချင်တဲ့ ကောင်ပါ..

ကျွန်တော်ဟာ .. လူညံ့ပါ
လက်မ က ထောင်ပြီး
မျက်နှာ ကျ ရှက်နေတတ်ပါတယ် ..

ကျွန်တော်ဟာ .. လူညံ့ပါ
ချစ်သူကို စိတ်ရှုပ်အောင် .. စိတ်ပူတတ်တဲ့ ကောင်ပါ ..

ကျွန်တော်ဟာ .. လူညံ့ပါ
လူခြေတိတ်တဲ့ အချိန်မှာတောင်မှ တိုးတိုးလေး ကြေကွဲတတ်ပါတယ် ...

ကျွန်တော်ဟာ .. လူညံ့ပါ
ချစ်သူကို .. အပူတပြင်း ဂရုစိုက်တတ်ရုံ.. တစ်သက်စာ ချစ်မြတ်နိုးတတ်ရုံလောက်နဲ့ . ပြည့်စုံနေပြီထင်နေတာ ..

တကယ်တော့ .. ကျွန်တော်ဟာ .. လူညံ့ပါ သူမဘာကို လိုအပ်သလဲ ဆိုတာ .. ကျွန်တော် တကယ်မသိခဲ့ဘူး .. လေ

... .. .. ..

ဟုတ်ပါတယ် ... ခင်ဗျာ ကျွန်တော်ဟာ .. လူညံ့ပါ သို့တည်းမဟုတ် .. အရူးပါ ..

တခါတလေ .. ယဉ်ယဉ်ကျေးကျေး ရူးတတ်ပြီး .. တခါတလေ .. စိတ်လွတ်ကိုယ်လွတ် ရူးတတ်ပါတယ် ..

အရူးတောင်မှ အရူးပါး မဟုတ်ခဲ့ပါဘူး .....

Thursday, February 20, 2014

ငါ့လမ်းဟာ တစ်ဖြောင့်တည်း .. ငါ့မြို့မှာ ဘုရင်မတစ်ပါးတည်း


ငါ့လမ်းဟာ တစ်ဖြောင့်တည်း ... 
ငါ့မြို့မှာ ဘုရင်မတစ်ပါးတည်း ...

မျှော်လင့်ချက် တလက်လက်နဲ့ .. 
ယုံကြည်မှုက တစ်ခုတည်း ..

သိပ်များများစားစား မရှိပေမယ့် .. 
ငါ့ဘ၀က ခမ်းနားလွန်းတယ် ... 

ရွှေရည်ငွေရည် မစိမ်တဲ့ ..
ဖြူစင်တဲ့ အိပ်မက် ..
အတောင်အလက်စုံတဲ့ 
ခံယူချက်နဲ့ ..

လောကဓံက 
စိန်ခေါ်တဲ့အခါတိုင်း .. 
တော်လဲသံနဲ့ ငါ့ဝိဥာဉ်က 
ထစ်ချုန်း ဟိန်းဟောက်ပြ .. 

ဘယ်အရာကမှ ..
သစ္စာတရားကို 
ခုတ်ထစ်ဖြတ်တောက်ပစ်လို့မရ ..

ဘယ်အရာကမှ ...
မေတ္တာတရားလောက်
မနွေးထွေး မအေးမြ ..

ငါ့ရင်ထဲမှာ ..
ငါ့သွေးနဲ့ ရေးထားတဲ့ ..
နီရင့်ရင့် စကား ..
ငါ့ကိုယ်ပိုင် ဒဿန ..

" ငါ့လမ်းဟာ တစ်ဖြောင့်တည်း ..
ငါ့မြို့မှာ ဘုရင်မတစ်ပါးတည်း " 


မင်းသီ

ထာဝရဆိုတာ သေချာတယ်


ကပ်သီးကပ်သပ် ကောင်မလေးဆိုတဲ့ ..
မှော်ဝင်သီချင်းတွေမှာ ..
ငါ့ညတွေဟာ ပျော်ဝင်သွားခဲ့ ...

ဂျစ်ပ်စီအိပ်မက်တွေလည်း ..
လူကြီးလူကောင်းဆန်တတ်ခဲ့ပြီ .. 

ပုံပြင်မဆန်ဘူး ..
ဒဏ္ဍာရီမဆန်ဘူး ..
ရိုးရိုးလေးနဲ့ လှတာ ..
ငါတို့ရဲ့ ဇာတ်လမ်းပေါ့ ..

ဒါပေမယ့် .. 
နည်းနည်းတော့ .. 
ထူးဆန်းအံ့သြဖွယ်ကောင်းတယ် .. 
မိုးစက်ပေါက်များစွာထဲကမှ ..
'သူမ' ဆိုတဲ့ .. 
မိုးစက်ပေါက်ကလေးက ..
ထီးပေါင်းများစွာထဲကမှ ..
'ငါ' ဆိုတဲ့ ..
ထီးကလေးပေါ် ပေါက်ခနဲ ကျလာခဲ့ .. 

ဒီလိုနဲ့ ..
ယုံကြည်ချက်တွေဟာ ..
ဝတ်ကောင်းစားလှတွေနဲ့ ဖြစ်လာခဲ့ ..

သူ့ကို သတိရခြင်းတွေနဲ့အတူ ..
ဘဝရဲ့ ပင်ပန်းဆင်းရဲမှုတွေမှာ ..
နေပျော်လာခဲ့တယ် ... 

ထာဝရ သေချာတယ် .. 
သောကြာကြယ်က ...
တနင်္ဂနွေဂြိုလ်မှာ အုပ်မိုးနေသရွေ့တော့ ..
ငါ့နက္ခတ်တွေ ပြာနေလိမ့်ဦးမယ်


မင်းသီ