Pages
Subscribe:
Ads 468x60px
Featured Posts
Tuesday, January 17, 2017
ငါမပြောဘူးလားမိယမုံ…ငါနင့်ကိုမချစ်ခဲ့ပါဘူးလို့  (1) , (2) , (3) , (4) - တယ်ရီ
ငါမပြောဘူးလားမိယမုံ…ငါနင့်ကိုမချစ်ခဲ့ပါဘူးလို့ 
.
ဒီ လို ပါ ပဲ …. …. …..
အဲ့ဒီညတွေဆို
စာရွက်အလွတ်တွေထဲ
ဝင်ဝင်ပုန်းဖြစ်တယ်………..။
သတ်ကွင်းကိုတောင်
ပန်းခင်းထင်ခဲ့တဲ့ကောင်
တံလျှပ်ပျစ်ပျစ်ထဲမှာ
နစ်နေတုန်းပဲ……
…….
သိပ်ဟုတ်တာပေါ့…မိယမုံရယ်
မျှော်………စင်……..ဆိုတာ
အလွမ်းတွေနဲ့
တည်ဆောက်ထားတဲ့
ဥယျာဉ်ပေါ့……….
နင်ငါ့ကိုနှုတ်ဆက်ကာနီး
အမှတ်တရအဖြစ်
တက်ကြည့်ဖူးပါတယ်
ဟုတ်တယ်……
အဲ့ဒီတစ်ခေါက်ပါပဲ
ခုထိ……
ငါပြန်မဆင်းတတ်တော့ဘူး။
ဘယ်လိုမေးလိုက်တယ်….
စက္ကန့်တိုင်းသတိရနေပါတယ်လို့ 
ငါမပြောချင်ဘူး……
နင့်အကြောင်းစဉ်းစားမိတိုင်း
စီးကရက်နဲ့မီးခြစ်ထုတ်
အခုဆို…..
ငါ့အဆုတ်က
လေကိုတောင်မမှတ်မိတော့ဘူး။
ငါလည်းမှားခဲ့ပါတယ်
မိယမုံ…………..
နင်နဲ့ ပတ်သက်ရင်
သေသေသပ်သပ်ကို
မှားခဲ့တဲ့ကောင်ပေါ့…
ဒါကြောင့်လည်း
ကံနတ်ဘုရားရဲ့ဓားက
အသွားနှစ်ဖက်ပါမယ်လို့ 
မယုံခဲ့တာပေါ့……။
အေးလေ……………….
နင်ပြောတာလည်း
ဟုတ်ရင်ဟုတ်မှာပါ
ကံကြမ္မာကငါနဲ့မှမခင်တာ
သူ့ အစီအစဉ်တွေအကြောင်း
အတိတ်စိမ်းလောက်တောင်
မပြခဲ့ဘူး။
မြက်တစ်ပင်ပါ…
လေလာရင်တိမ်း
ယိမ်းနွဲ့ရုံနဲ့တင်လုံလောက်ပါတယ်
ငါ့အကြောင်းလား…….
မသိချင်တော့ပါနဲ့   မိယမုံရယ်….
သင်္ချိုင်းဖြစ်မယ့်စကားမို့ 
အသံထွက်ကိုက
မီးခိုးစော်နံမယ်။
ဒါနဲ့နင်မျက်နှာလည်းမကောင်းပါလား
သူနင့်ကိုဂရုမစိုက်တော့လို့ လား…
သူနင့်ကိုမချစ်တော့လို့ လား…..
သူတီရှပ်တွေဝတ်လို့ လား….
နင်စိတ်ကောက်ရင်
ဘယ်လိုချော့ရမယ်ဆိုတာ
သူ  မသိလို့လား….
ဟော…ပြောရင်းနဲ့မျက်ရည်ကကျလာပြန်ပြီ
တော်တော့်….မငိုနဲ့ တော့…နော်
နင့်အလိုက်တွေသူသိအောင်
ငါ့ရင်ဘတ်ကိုဖွင့်ပြပြီး
အလွတ်ကျက်ခိုင်းလိုက်မယ်….
တိတ်တော့နော်…မိယမုံ။
ကဲ…ကဲ……..
နင့်ကိုပုံပြင်တစ်ပုဒ်ပြောပြမယ်
ဟိုးရှေးတုန်းက
ဟာသတစ်ပုဒ်ပေါ့….
နေပူကျဲကျဲမှာ
နေ့နဲ့ညလိုလွဲခဲ့တယ်နော်..မိယမုံ
နင်ကလက်ဖမိုးဘက်မှာစောင့်
ငါကလက်ဖ၀ါးဘက်မှာစောင့်နဲ့…
ငါတိုးတိုးလေးဆုတောင်းနေတယ်….
မရယ်ဘူးဆိုရင်တောင်
တစ်ချက်လောက် ပြုံးလိုက်ပါ…
လုပ်ပါ……….
တစ်ချက်လောက်ပဲ…
ပြုံးလိုက်ပါ…မိယမုံ….
ပြတိုက်ထဲက
သက်တမ်းကုန်သွားတဲ့
(၃) နှစ်ကို
ဖုန်ခါရင်းပြန်နမ်းကြည့်ချင်လို့ ပါ။
ကြည့်…ကြည့်…..ကြည့်…..
နင်ပြုံးလာပြီ
ငါ့ရာဇ၀င်အခန်းဆက်တိုင်းမှာ
အဲ့ဒီမျက်ဝန်းတွေကို
ငါအလွမ်းတတ်ဆုံးပဲ…….
သေမင်းနံပါတ်နဲ့ ဆောက်တဲ့
ပထမဦးဆုံးသခင်မကို
မေ့သွားပြီထင်လို့ လား…
ယုံကြည်တယ်ဆိုရင်တောင်
ငါ့ဆီပြန်မလာပါနဲ့ တော့…..မိယမုံ။
ထားလိုက်ပါတော့….
ထားလိုက်ပါတော့…..မိယမုံ
အချိန်တန်ရင်
အိမ်ပြန်ကြရမှာပဲ…..
ငါတို့ နှစ်ယောက်ရဲ့
ရေစက်ကို
ပတ်ဝန်းကျင်က
ကောင်းကောင်းမွန်မွန်
မြှုပ်နှံသင်္ဂြိုလ်ပြီးပြီပဲမဟုတ်လား…..။
လမင်းတောင်
လင်းကြက်တွန်ပြီ….
ငါတို့ ……….
သင့်မသင့်ဆိုတာတွေ
ထည့်စဉ်းစားရတော့မယ်
တံတားတွေအကြောင်းထက်
တံတိုင်းတွေအကြောင်းကို
ပိုစဉ်းစားရတော့မယ်….မိယမုံ
နင့်အမျိုးတွေရှေ့ မှာဆို
ငါ့ကိုမခေါ်ပါနဲ့ …….
မျက်လုံးနဲ့ ရယ်ပြရင်ကိုဖြစ်ပါတယ်။
ဒီတော့………………
နင်…….
မျက်မှန်အမြဲတမ်းတပ်ပါ
အိပ်ရေး၀၀အိပ်ပါ…….
အခွေမှန်မှန်ငှားပါ……..
အသက်မှန်မှန်ရှုပါ……..
ငါ့အကြောင်းစဉ်းစားမိရင်တော့
မီးသာပိတ်ပစ်လိုက်ပါ…..
ငါလား……….
ဒီ လို ပါ ပဲ …. …. …..
အဲ့ဒီညတွေဆို
စာရွက်အလွတ်တွေထဲ
ဝင်ဝင်ပုန်းရဦးမယ်………..။
တယ်ရီ
1.10.2011
10:00 PM
-----------------------------------------------
ငါမပြောဘူးလား မိယမုံ... ငါနင့်ကိုမချစ်ခဲ့ပါဘူးလို့ (2) 
.
ဖြတ်သွားဖြတ်လာ
လောကွတ်မျိုးတော့မဟုတ်ဘူး…
မပေးနိုင်တော့သူနဲ့
မယူနိုင်တော့သူကြား
သူငယ်ချင်းဆိုတာခြားပြီး…လွမ်းတယ်။
အဆင်မှပြေပါလေစ……မိယမုံ။
“ငါတို့ အားလုံးပြောင်းလဲသွားတယ်နော်”
နေရာဒေသအရအရောင်ပြောင်းလဲ
အပေါ်ယံကြောတင်းနေတဲ့ရေခဲပေမယ့်
ငါလည်းရေပါပဲ …. ယမုံရယ်။
အချစ်ဟာ
အချိန်ကာလကိုကျော်ပြီး
မတွေးခေါ်နိုင်ဘူးလို့လည်း
သူမယုံကြည်ထားပုံရတယ်။
အရင်လိုသစ်ရွက်လှုပ်ရင်ရီတုန်းပဲလား…..မိယမုံ။
နင်ပြောတာမှန်ပါတယ်……
ငါတို့ ကလေးတွေမှမဟုတ်တော့တာ
ငါသိချင်တယ်…ယမုံရယ်
အချစ်ဟာ
ငယ်တုန်းရွယ်တုန်းပဲလောင်ကျွမ်းလို့ ကောင်းတဲ့
ကောက်ရိုးလိုပဲလား…….။
ထားပါ……….။
ကိုယ့်အတ္တကိုယ်ပဲ
ငါတို့ ပြန်ဖတ်ရအောင်။
“ကျွန်မ သူ့ ကိုပဲ ချစ်တယ်။ “
နားလည်ပါတယ်….
ဘယ်လိုနည်းပညာနဲ့မှ
ဆေးမမှီတဲ့အဲ့ဒီရောဂါကို
မျှော်လင့်ချက်ကင်ဆာလို့ ခေါ်တယ်။
ရေချိန်လွန်သွားတဲ့မေတ္တာတရားဆီက
ငါဘာကိုများထပ်မံမျှော်လင့်ရဦးမလဲ။
နင့်ကိုမပြဖူးတဲ့ကဗျာတစ်ပုဒ်ရှိတယ်ဆိုရင်
ခေါင်းစဉ်ဟာ ကြေကွဲခြင်းလို့ အမည်ရမယ်။
အနီရောင်ကြတ်ခြေခတ်တွေကိုမြင်တိုင်း
ငါ့ကိုမုန်းပါ။
ယုံကြည်ချက်ချင်းတူပေမယ့်
အသံထွက်ကွဲခဲ့တဲ့နောက်တော့
အနာဂတ်ကငါ့ကို
ရှိုက်သံတွေနဲ့ပဲတန်တဲ့ကောင်တဲ့။
ဒါနဲ့ငါလည်းစာအုပ်ကိုပိတ်လိုက်တယ်…။
ရပါတယ်….။
ကျေးဇူးလည်းမတင်ပါနဲ့ 
ပေးလိုက်ပြီဆိုကတည်းက
ပြန်ရဖို့ ဆိုတဲ့အတွေးပါ ထည့်ပေးလိုက်တယ်။
နင်လိုအပ်တဲ့ အချိန်မှသာသတိရပါ။
“ငါဖုန်းချလိုက်တော့မယ်………………….မိ ယ မုံ ။"
တယ်ရီ
4.5.2012……5.6.2012
-----------------------------------------------
ငါမပြောဘူးလား မိယမုံ... ငါနင့်ကိုမချစ်ခဲ့ပါဘူးလို့ (3)
.
ဝင်နေတဲ့အသံတွေပြန်ထွက်လာရုံပဲလား မိယမုံ
နောက်ဆုံးတော့ကိုယ့်မျက်နှာကအမာရွတ်တွေပြန်စမ်းရင်း
နောက်ဆုံးတော့ခရီးစဉ်လက်မှတ်တွေအကုန်စုတ်ဖြဲပစ်ရင်း
နောက်ဆုံးတော့ကိုယ့်လိပ်စာကိုယ်ပြန်မှတ်မိသွားရင်း
ကံတရားကိုရယ်သံစုံစုံလင်လင်နဲ့ဧည့်ခံနိုင်ခဲ့ပြီမဟုတ်လား
ပုံစံမျိုးစုံနဲ့ ငါတို့ နီးခဲ့
ပုံစံမျိုးစုံနဲ့ ငါတို့ ဝေးခဲ့
တစ်ယောက်အတွက် တစ်ယောက်မဟုတ်ဘူးဆိုတဲ့နေရာရောက်ရင်
ငါတို့ နှစ်ယောက်လုံးစကားလမ်းကြောင်းလွှဲခဲ့ကြတယ်
ရယ်ကြရအောင်…….ယမုံ…….ရယ်ကြရအောင်
တစ်ခုခုကိုအကြောင်းပြပြီးငါတို့ တွေဝေကြရအောင်
ဒါမှမဟုတ်ရင်ငါတို့ ဟာသကိုတခြားသူတွေရသွားကြလိမ့်မယ်
နင့်လက္ခဏာကိုတောင်ကိုင်မကြည့်ဘူးပဲ
နင့်အနာဂတ်ကိုပြောတော့နင်အံ့သြတယ်
ငါ့ကိုနားမလည်ဘူးဆိုတဲ့နင့်ကို
နားမလည်တာငါအံ့သြတယ်
လိုအပ်ချက်ဆိုတာ
ပြတ်သွားတဲ့ဖိနပ်မှာ
အကူအညီပေးထားတဲ့အပ်ချိတ်ပဲမလား
တိမ်တွေဘယ်လောက်စိုရွှဲခဲ့စိုရွှဲခဲ့
မိုးမရွာတာကမိုးမရွာတာပါပဲ
လက်သီးထဲပန်းပွင့်ဆုပ်ပြီးအထိုးခံလိုက်ရတယ်။
နင်က…………………….
ဒဏ်ရာရထားတဲ့လူရွှင်တော်တစ်ယောက်ကိုမေ့သွားတယ်
စိတ်နဲ့ထိန်းချုပ်လို့ ရတဲ့စက်ရုပ်တစ်ရုပ်ကိုမေ့သွားတယ်
ရုတ်ရုတ်သဲသဲအလွဲတွေနဲ့ညနေခင်းကိုပဲသတိရတယ်
ငါက………………………
ဖိတ်စာမပါဘဲဝင်လာတဲ့အိမ်တိုင်ရာရောက်စော်ကားခြင်းကိုမေ့သွားတယ်
သီးနှံတွေအကုန်ပုတ်သိုးသွားစေတဲ့ရာသီကပ်ဆိုးတစ်ခုကိုမေ့သွားတယ်
ဒဏ္ဍာရီဆန်ဆန်အရူးလုပ်ခံရခြင်းကိုကြည်နူးမှု့တစ်ခုလိုသတိရတယ်
ဒီလိုနဲ့…………………….
ဆုတောင်းခဲ့ဖူးတဲ့
ပြန်ဆုံမှာပါဆိုတဲ့နေ့မှာ
ပြန်ဆုံကြ
ရယ်မောကြ
စကားလုံးတွေနဲ့ကစားကြ
စိတ်ကူးတွေအရွယ်ရောက်ပဲစောလွန်းသွားတာလား။
လူမှု့ရေးဆိုတာငါတို့ သင်ရိုးမှာအသစ်တိုးသွားတဲ့ဘာသာ
နင်ကနင်မဟုတ်တော့သလို ငါကငါမဟုတ်တော့ဘူး
တယောက်အကြည့်ကိုတစ်ယောက်ဆီမှာထားခဲ့
ဒါနောက်ဆုံးပဲ…………………………………….
တက်တူးတွေကိုယ်စီနဲ့
ငါတို့ ဟာအားပြန်သွင်းလို့ မရတော့တဲ့ဓါတ်ခဲ
ငါ့ဆေးကိုနင်မလိုတော့သလို
နင့်မီးကိုလည်းငါမလိုတော့ဘူး။
တယ်ရီ
6.4.2013
-----------------------------------------------
ငါမပြောဘူးလား မိယမုံ ငါနင့်ကိုမချစ်ခဲ့ပါဘူးလို့  (4)
.
မှားမှာကြောက်တဲ့သူဟာ
မှားကိုမှားတာပဲ
ဇာတ်ကောင်တွေမရှိတဲ့ပုံပြင်ဟာ
ဘယ်လိုဖြစ်လာခဲ့သလဲ
တစ်နေရာရာကိုငေးရမယ့်အရွယ်မဟုတ်တော့ဘူးလို့
တစ်နေရာရာကိုငေးရင်းငါပြောဆဲ
ဘာတောင်းပန်စရာမှမရှိတဲ့အခါ
ဘာကိုငါသွားတောင်းပန်ရမလဲ
တချို့ ဝင်္ကဘာတွေဟာ
မျဉ်းဖြောင့်တစ်ကြောင်းအပေါ်မှာပဲ
မင်းနားလည်မယ်ထင်လို့
ငါနားလည်ခဲ့
လှပါတယ်
အမှားကိုပဲရှာခဲ့တဲ့ငါတို့
အမှားကလွဲဘာရခဲ့သလဲ
တကယ့်အသိတွေဟာဆက်နောက်ကြနေဦးမှာပဲ
အဖြစ်တွေဟာမှားပြီးအပျက်တွေဟာမှန်ခဲ့တယ်
မကြားအောင်ဆိုတဲ့သီချင်း
မရောက်အောင်ပို့တဲ့စာ
မမြင်အောင်ဖွက်ခဲ့တဲ့စိတ်နဲ့
မသိအောင်ပေးခဲ့တဲ့အိပ်မက်တွေ
ဒဏ်ရာဟာတကယ်နက်တဲ့အခါ
ဘာအသံမှမထွက်နိုင်ရှာဘူး
ငါတွေးသလိုမင်းလည်းတွေးမှာပါ ယမုံ
မသိဘူးဆိုတာတောင်ငါတို့မသိခဲ့ကြဘူး
ဆန်းကြယ်မှုဟာဘယ်လောက်တောင်ရိုးရှင်းခဲ့သလဲ
မင်းမှန်ကွဲစတွေလွှင့်ပစ်ပါ
ငါ့မှန်ကွဲစတွေငါဆက်သိမ်းထားမယ်
Happyending ဟာ ငါနဲ့လွဲရင်
မင်းအတွက်အဆင်ပြေနိုင်ရဲ့
မင်းလုပ်နိုင်တာဘာလဲ
ငါလုပ်နိုင်တာဒါပဲ
ငါဆုတောင်းပါတယ်
ငါ့ဆုတောင်းတွေမပြည့်ဖို့ပဲ။
တယ်ရီ
17.1.2017 4:00PM
***ဆောရီး တခုပြောစရာကျန်သွားလို့ အရင် ၁ ၂ ၃ တုန်းကတယောက် ယောက်ကို နာမ်စားယူပြီးရေးခဲ့ပေမယ့် ခုတပုဒ်ကတော့ နာမ်စားမဟုတ်ပါ ကဗျာ သာလျင်ဖြစ်သည်။
Thursday, October 13, 2016
မျှော်...
ထွက်သွားသူ ခြောက်မျိုးရှိတယ် ။
ပထမတစ်မျိုးက ခဏတာထွက်သွားသူဖြစ်တယ်
ခဏနေပြန်လာလိမ့်မယ် နောက် … ခဏကြာတဲ့အခါ ပြန်ထွက်သွားဦးမယ် ။
ဒုတိယတစ်မျိုးက မသွားချင်ဘဲထွက်သွားရတဲ့သူပဲ
သေချာနှုတ်ဆက်သွားတတ်တယ် နဖူးကိုနမ်းသွားတတ်တယ်
လုပ်ပေးလိုက်တဲ့မုန့်ကို အ၀တ်နဲ့တယုတယထုတ်ပိုးယူသွားတတ်တယ်
ဒါပေမယ့် ပြန်လာဖို့ကြာတတ်တယ် ဒါမှမဟုတ်
တစ်စုံတစ်ယောက်က စာလွှာတစ်စောင်ကို အိမ်ပေါက်ဝထိ
တံခါးခေါက်လို့ လာပေးပြီး သူပြန်လာနိုင်ဖို့မဖြစ်နိုင်တော့တဲ့အကြောင်း
အဝေးက တံပိုးခရာသံနဲ့အတူ သတင်းလာပို့လိမ့်မယ် ။
တတိယတစ်မျိုးက ဘယ်တော့မှ ထွက်သွားမှာမဟုတ်ဘူးလို့ပြောတတ်သူပဲ
သူ ဘယ်တော့မှ ပြန်မလာတော့ဘူး ။
စတုတ္ထတစ်မျိုးကတော့ ရုတ်တရက်ပဲ၊ အကြောင်းမဲ့ပဲ
အိပ်ယာနိုးတဲ့အချိန်ဘေးမှာ ကိုယ်ငွေ့ပူပူလေးပဲချန်ထားခဲ့ပြီး ပျောက်ကွယ်သွားလိမ့်မယ်
ဒါမှမဟုတ်စာတစ်စောင်လည်း ချန်ရင်ချန်ထားခဲ့ပြန်ဦးမယ်
အဲ့ဒီစာကလည်း သူ့ကိုလိုက်မရှာပါနဲ့ဆိုတဲ့ စာမျိုးပေါ့
မမျှော်လင့်တဲ့အချိန်မှာ သူပြန်လာတတ်တယ်
အဲ့ဒီအခါ မီးအိမ်ကိုပင့်ပြီး မျက်နှာကိုသေချာကြည့်ရတတ်တယ်
ပင့်ကူအိမ်တွေ ကျိုးကြေနေသလို တွန့်နေတဲ့အရေပြားတွေက
သူဘယ်သူလဲဆိုတာ ပဟေဠိလုပ် ဖုံးကွယ်ထားဦးမယ်
ထွက်သွားခဲ့စဉ်က ဖိနပ်ကိုပဲစီးနင်းဆဲဆိုရင်
ဆီးနှင်းတွေကြောင့် သူ့ခြေသည်းတွေပုပ်နေတတ်တယ်
မီးအတူတူလှုံရင်း တွန့်ဆုတ်တဲ့စကားလုံးတွေနဲ့ သူ …
သူ့အမှားကို ၀န်ခံပါလိမ့်မယ် ။
ပဉ္စမတစ်မျိုးကတော့ ထွက်သွားပြီးမကြာခင်မှာပဲ ပြန်လာချင်ခဲ့သူဖြစ်တယ်
ဒါပေမယ့် သူအပြန်လမ်းမမှတ်မိတော့ဘူး
နွယ်ပင်တွေရဲ့ခေါ်ဆောင်ရာ မျက်စိလည်ခဲ့တယ်
လျှိုတစ်ထောင်ချောက်ကမ်းပါးရဲ့ဖြားယောင်းရာ တောမှောက်ခဲ့တယ်
ဝင်္ကပါရဲ့လှောင်သံမှာ သူ့မျက်ရည်တွေကုန်ခဲ့တယ်
သူ့အပြန်လမ်းကို သူပြန်အော်ခေါ်ရင်း အာခေါင်ကွဲသေတယ်
ရံဖန်ရံခါ ဘယ်ကကြားရမှန်းမသိတဲ့အော်သံတွေကို သူ့ထံကလွင့်ပျံလာတာလို့
တိုက်ဆိုင် ၀မ်းနည်းနိုင်တယ် ။
ဆဌမတစ်မျိုးကတော့ ထွက်သွားမယ်လို့ မကြာခဏပြောနေတဲ့သူပဲ
သူတကယ်ထွက်သွားတဲ့နေ့မှာတော့ စကားတစ်ခွန်းမှပြောမသွားတတ်ဘူး
သူအဖိုးတန်ပစ္စည်းတွေထားသွားလိမ့်မယ်
ဝိညာဉ်တစ်ထည် အ၀တ်တစ်ခုနဲ့ လမ်းတစ်လျှောက်
သုန်မှုန်ေ၀၀ါးမှုအပိုင်းအစတွေနဲ့ ထွက်သွားလိမ့်မယ်
ဓာတ်ပုံသေးသေးလေးတစ်ပုံ ၀ှက်ပြီးယူသွားသေးတယ်ဆိုရင်တော့
သူ တစ်ချိန် ပြန်လာမှာပါ ။
တောင်ပေါ်တက်နေသူတွေရှိတယ်
သူတို့ခါးတွေ ချိနဲ့နာကျင်နေတဲ့အထိတောင်ထိပ်ပေါ်တက်နေသူတွေရှိတယ်
ပြီးတော့ အဝေးဆုံးကို ကြည့်တယ်
သူတို့မျက်လုံးတွေ မှုန်ရီစုတ်ပြတ်နေရင်တောင်အဝေးဆုံးဆီကို
လှမ်းကြည့်ရီဝေနေကြတယ် ၊
……………………………………….
မျှော်နေသူကတော့ တစ်မျိုးတည်း ရှိပါတယ် ။
                                                    သူဝေး
Monday, January 12, 2015
ဇင်မောင်ကျော်ကိုကိုသန့်
ထီးတစ်လက်ကို ကောက်ကိုင်ပြီး မိုးထဲလေထဲ ပြေးဆင်းသွားတဲ့ ကောင်မလေးနောက်ကို ပြေးလိုက်တယ်။ ချက်ချင်းပဲ ဆောင်း ရောက်သွားတယ်။ နောက်တစ်ခါ မျက်စိဖွင့်ကြည့်တော့ သူချစ်တဲ့ ကောင်မလေးဟာ လေဆိပ်တိုင်းမှာ ရောက်နေပြီ။ ဇင်မောင်ကျော်ကိုကိုသန့် လှမ်းခေါ်တယ်။ ကိုယ် အားပေးတဲ့ အသင်း ဂိုးပေါက်ချော်သွားတဲ့ ဟာခနဲ အသံမျိုးနဲ့။ လက်နှစ်ဖက်ကို နောက်ပစ်ထားခြင်းဟာ ကိုယ့်လက်ထဲ ဘာမှ ရှိမနေတဲ့အကြောင်း ကိုယ့်ကိုယ်ကို ပြန် အသိမပေးတာပဲဆိုတာကို ဇင်မောင်ကျော်ကိုကိုသန့် ကောင်းကောင်း သိတာပေါ့။ ဘဝနဲ့ ရင်းပြီး စီးခဲ့တဲ့ ဘတ်စ်ကားက အစ သူ့အပေါ် သစ္စာမရှိတော့တဲ့ နေ့ရက်တွေပါလေ။ ဟေး ... ဘယ်သူဘယ်ဝါ ..။ တောတောင်ရေမြေအထပ်ထပ်ကို ကျော်ဖြတ်ပြီး ချစ်ရသူရဲ့  နာရီဒိုင်ခွက်ထဲ အထိ အရောက်လာခဲ့မယ်။ ဇင်မောင်ကျော်ကိုကိုသန့်ဟာ နေ့စဉ်ဘဝကို ခပ်ညံ့ညံ့ ဇာတ်ဆောင်တစ်ယောက်လို ဖြတ်သန်းနေရသူပါ။ ပထမ တစ်ခါ မျက်စိဖွင့်ကြည့်တုန်းက သူချစ်တဲ့ ကောင်မလေးဟာ ရုတ်တရက် အသက်တွေ အရမ်းကြီးလာပြီး ငယ်သေးတဲ့ သူ့ကို ထားခဲ့တာလေ။ ခလုတ်တိုက်မိတဲ့ အိမ်ပြန်လမ်းမတွေကပဲ သူ့ကို အိမ်မပြန်ဖြစ်အောင် ချော့ခေါ် မျှားခေါ် ဖမ်းခေါ်သွားတာ။ "ကွေကွင်းရခြင်းပေါင်းစုံ ကျဆုံးပါစေ " အဲဒီစာသားကို စက္ကူလေယာဉ်ပျံပေါ် ရေးနေတုန်း တစ်ဝက်မှာ ဆော့ပင် မှင်ကုန်သွားတာပေါ့။ ကံတွေဆိုးပြီဆို ကောက်ရတဲ့ ကလေးဂေါ်လီက အစ တခြမ်းပဲ့ နေတာမျိုးပေါ့။ နောင်နှစ်ပေါင်းများစွာ အကြာ ကားအကောင်းစားကြီးပေါ် ထိုင်ပါသွားတဲ့ သူငယ်ချင်းက အခု ကားမှတ်တိုင်မှာ မတ်တပ်ရပ်နေတဲ့ သူ့ကို မမြင်ချင်ယောင်ဆောင်မှန်း သိသာအောင် မမြင်ချင်ယောင် ဆောင်သွားတယ်။ ဇင်မောင်ကျော်ကိုကိုသန့်လည်း နာကျင်မှန်းသိသာအောင် နာကျင်ရတာပါပဲ။ ဘဝသရုပ်ဖော် ရုပ်ရှင်ဝတ္ထုများ လိုပေါ့။ ကံကောင်းတာ တစ်ခုက သူဟာ လောလောဆယ် အသည်းကွဲနေပြီး အဲဒီ အသည်းကွဲခြင်းအမှုကို ဘာကမှ အနှောင့်အယှက် မပြုနိုင်ဘူး ဆိုတာပဲ။ 
ဇင်မောင်ကျော်ကိုကိုသန့်ဟာ နောက်တစ်ကြိမ် မျက်စိ ထပ်ဖွင့်လိုက်တယ်။             ။
ဏေသစ်
Tuesday, December 2, 2014
ဆောင်းအတွက် ကဗျာများ
“ဆောင်း”
ရေခဲမြစ်က
အရိုးအဆစ် ဆက်ထားတဲ့နေရာမှာ။
တစ်မနက်ခင်းလုံး
စစ်တုရင်အကွက်တွေပဲ ရွှေ့နေလေရဲ့
နှင်းတွေ။
ပြတင်းပေါက်မှာ
သစ်ရွက်ကြွေသစ်ကိုင်း
ကုန်လွန်ခဲ့သော နေ့ရက်တွေအတိုင်း
ပေါ့ဆလို့ …
ဒီတစ်နှစ်လည်း
ဒီလိုဖြစ်ရတယ်
မျက်ရည်
သူစိမ်း
စိတ်နှင့်သက်ဆိုင်သော ဂျပ်(ဇ်)
တစ်ခုခုကို ပြောခဲ့မယ်
ဘာမှ မပြောဖြစ်ဘူး။ ။
စိုင်းဝင်းမြင့်
===================================
“ဆောင်း”
မသိနားမလည်သူလေးလို
နံရံကိုတွန်းဖွင့်ဝင် နံရံကိုပြန်တွေ့လို့
ဝင်္ကပါ...။
ဆိုပါစို့..........
ထူးဆန်းထွေလာတစ်ခုပေါ်မှာအမှီပြုရ
ချစ်မေတ္တာဟာ အခု
ထီးတစ်လက်နဲ့ ဆိုက်ရောက်လာမယ်လား။
ဒီထက်ကွေ့ကောက်ဖို့လည်းမဖြစ်နိုင်တော့
လသာသည်ဖြစ်စေ
လမသာသည်ဖြစ်စေ
ဘဝကိုလည်းဒီအတိုင်းခံယူကာ
ကိုယ့်အနေအထားနဲ့ကိုယ်နေခဲ့
ဂေါ်သဇင်ပန်းလေးတွေပွင့်တော့မယ်လား
ကျွန်တော်မှားရင်လည်း ခွင့်လွှတ်ဖို့
တစ်ဦးတစ်ယောက်ကပြောပါလိမ့်မယ်ချစ်သူ....။ ။
ခင်ဇော်မြင့်
===================================
“ဆောင်းများ”
ပြတင်းပေါက်တွေထဲ
နှင်းတွေဝင်သွားကြ
ဘယ်တော့မှ ပြန်ထွက်မလာတော့။
ကျွန်တော်ဟာ
အရွက်နဲ့ အကိုင်းတို့ရဲ့
မမြဲခြင်းတရားမှာ
ကောင်းကင်ကို ကိုယ်စားပြုခုန်ချလာတဲ့
မိုးဖွဲဖွဲနေ့လေးတစ်နေ့မျှ
ရာသီအတိုင်း
နှင်းတွေနဲ့မှောင်နေတော့
ကောင်းကင်လည်း မမြင်ရ
ကျွန်တော့်ပြတင်းပေါက်မှာလည်း
ကျွန်တော့်ကို မမြင်ရ
ကျွန်တော် အမှားမပြောတတ်စ
အရွယ်လေးတည်းကပေါ့ ..။ ။
ဝင်းမြင့်
===================================
“ဆောင်းရောက်ပြီ”
ရောက်ပေါ့
ဆောင်းရောက်ပေါ့
မိုးပျံပူဖောင်းတွေရောက်ပေါ
သစ်ပင်ပေါ်
မီးလုံးတွေရောက်ပေါ့။
ကားသံတွေ
ခရာမှုတ်သံတွေ
စိတ်စွဲလန်းမှုနဲ့ သကြားနဲ့လုပ်တဲ့မုန့်တွေ
ရောက်ပေါ့။
နှင်းတွေထဲ လမ်းလျှောက်ဖို့ တနင်္ဂနွေရောက်ပေါ့။
ရုပ်ရှင်ကားသစ်တွေ
ရောက်ပေါ့။
စကားပြောကြတယ်
ချစ်ကြတယ်။
အဓိပ္ပာယ်မလို
အဓိပ္ပာယ်မရှာ
ကလေးငယ်များဟာ
ကြီးလာတယ်။
ငါတို့အတွက် ပါမလာတာတွေ
ပါလာပါစေလေ။ ။ 
အောင်ချိမ့်
===================================
“နောက်ကျသူ”
+++`ငါတွေ့တယ် …။
နှင်းတွေ . . . နှင်းတွေ
မြေပြင်ပေါ် အလုအယက်ခုန်ဆင်းနေလိုက်ကြတာ
ကြောက်မက်ဖွယ် တစ်စုံတစ်ခုကနေ
ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေကြသလိုမျိုး။
ပျံလွှားငှက်တွေလည်း
အုပ်စုဖွဲ့ ပျံသန်းလာကြလေရဲ့ …။
ညည်းတွားသံသဲ့သဲ့
လေနှင့်အတူ မျောလွင့်လာတယ် ..
ကံကောင်းခွင့်မရရှာတဲ့
အဆိပ်သင့် မက်မုန်ပွင့်များအတွက်တော့
ဒီဆောင်းဟာ ..ခါးသက်နေရော့မယ် …။
ပြိုးပြိုးပျက်ပျက် ..
ဆေးစက်ရောင်စုံချယ်သ
ပျော်စရာ ..ပွဲတော်ညများ
ဝတ်ရုံလွှာ ပါးပါး .. ဆံမျှင်စ ဖါးလျား
အနမ်းတို့ လန်းစွင့်ဝင့်ကြွား ..
အားလုံးလည်း မူးယစ်ရီဝေ ..
ခြေထောက်တွေ … ပျံသန်းနေလိမ့်မယ် …။
တစ်ချိန်က
အောင်မြင်ကျော်ကြားခဲ့တဲ့ ကောင်းကင်ကြီးတောင်မှ
မှုန်လို့မှိုင်းလို့ … ဒီဇင်ဘာဟန်ဆောင်လို့…။
ချစ်သူများရဲ့ ချိန်းဆိုထားတဲ့နာရီ
စေ့ရောက်ခဲ့ပြန်ပြီ …။
ဆွတ်ပျံ့ဖွယ်ဂီတနဲ့
အေးစက်စက် ခရစ္စမတ်ည
လရောင်တစ်စွန်းတစ်စကျနေတဲ့
ဝက်သစ်ချပင်အိုကြီးရဲ့အောက်
ချစ်တဲ့သူရေ
ဒီနှစ်လည်း ..တစ်ယောက်တည်း
စောင့်မျှော်လွမ်းရစ်ပေဦးတော့ …။
စာရွက်တစ်ရွက်ကို ဆုတ်ဖြဲပြီး
ဒီဇင်ဘာကို ငါမေ့မယ် …..။
 ဒတ္တ
===================================
“တေလေမှတ်တိုင်”
ကြယ်တွေ ကြယ်တွေ
သမ်းဝေမှု ချောင်းချောင်းထ
ဟောင်းလောင်းပွင့်နေတဲ့..ည။
ဝိညာဉ်နှင်းမှုန်တစ်စက်
အိပ်မက် မြင်းခွာ အမှတ်(၁၃)
တစ်ယောက်တည်း အတုံးအရုံးလဲသူ
ငါ့ ကံကြမ္မာနဲ့..လူ
ဂမ္ဘီရ သစ်ပင်မှာမှ
စွယ်တော်ပွင့်အို ရှာချင်တဲ့လက်
ကားစင်တင်ပြီး မီးရှို့သတ်မယ်။
လပြည့်ဝန်းရေ
ပန်းကန္တာရမှာ
အမုန်းတွေ လဲ့ပြာကွဲအက်
ငါဟာ
ကိုယ့်ကိုကိုယ် ပြန်တူးနေတဲ့
ပေါက်ချွန်းတစ်လက်ကွဲ့ သိရဲ့လား။
ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်။
ကဝေမီးတောက်
ဆောင်းဦးပေါက် အရက်တစ်အိုး
မြူခိုးဝေဝေကျောက်ခဲများ
ငါ့ကိုထားခဲ့ပါ။
တေလေမှတ်တိုင်
မျှော်စင်တွေထက် ပိုခိုင်လာရဲ့
ခြေထောက်ကတစ်ခြား လမ်းတစ်ခြား
ငါဘယ်တော့မှ မသွားဘူး မိန်းကလေးရေ။
တာရာမင်းဝေ
===================================
“ဆောင်း”
စိမ့်အေးမှုဟာ သူ့သွားနဲ့
တို့ရဲ့ အရိုးကို ကိုက်ထားတယ်။ 
ရတုဦးဟာ
ပြာနှမ်းနှမ်း ယိုစီးလို့။ 
ကောင်းကင်မှာ
နေမင်းဟာ အခဲပြုလို့။ 
မြောက်လေရဲ့ တောင်ပံစိုစိုမှာလည်း
နှင်းဆီရနံ့အစက်များ ပြောက်စွန်းလို့။
နှင်းကြောင့် ငွေရောင်ပျော်ဝင်နေတဲ့ မနက်ခင်းဟာ
(အသံအေးခဲ) တေးမြုံငှက်များနေရာ
မိုးမခပင် အရွက်များအကြား
လဲကျသွားလို့ပေါ့။
အရာဝတ္ထုတိုင်းဟာ 
အေးစက်မှုမှာ လောင်ကျွမ်း
ငြီးငွေ့ဖွယ်ရာ တွန့်လိမ်
မြူထဲမှာ ဆိတ်ငြိမ်နေရဲ့။
သစ္စာနီ
===================================
“ဒီဇင်ဘာ”
မင်းနဲ့ငါ
တစ်ယောက်အချစ်ကို တစ်ယောက်မြင်နိုင်ဖို့
ပြီးတော့
တဆတ်ဆတ်တုန်နေခဲ့ကြတာကို အသံထွက်ဖို့
ပွေ့ဖက်မှုထဲကို နှစ်ယောက်စလုံးဝင်
အနမ်းတစ်စုံအောက်မှာ ခွေခေါက်စွာရပ်
အဆင်သင့်ဖြစ်ပြီဆို
တို့အလိုအပ်ဆုံး ဆန္ဒတွေက
တို့ကိုယ်ပေါ်က ဆောင်းဥတုကို
ပွတ်သပ်ချလိမ့်မယ် ။ ။
မိုးဝေး
===================================
“ဒီဇင်ဘာကို စောင့်နေခဲ့ဖူးတယ်”
တစ်ခါတစ်ခါလှည့်ပြန်လာတဲ့ ဒီဇင်ဘာကို ဝိုင်အနီတစ်ခွက်ထဲ ထည့်ငှဲ့ ရင်ခုန်ခဲ့ဖူးသလား
သိပ်မသေချာတော့ တဲ့ အိပ်မက်တွေနဲ့ ကိုယ့်ကိုယ်ကို ပြုံးမိတာတွေ များနေပြီ ..
နေဆီကို တည့်တည့် လျှောက်လှမ်းနေခဲ့ပြီးကာမှ ကိုယ့်ကိုယ်ကို နေကြာပန်းမှန်းသိလိုက်ရသူလိ
အဝါကို နာကျင်စွာ ခါချနေချင်တတ်ခဲ့ ………….
အကြမ်းရေးခြစ်ထားပြီး အရောင်မထည့်ဖြစ်သေးတဲ့ ပန်းချီကားချပ်တွေလိုပဲ
နေ့ရက်တွေက အရောင်မစုံဘူး .. အဖြူ အမည်း ခပ်ကျဲကျဲ ကောက်ကြောင်းတွေနဲ့
နှစ်ပရိစ္ဆေတ ကြာလာတဲ့အခါ အဖြူကလည်း ရင့်အိုဝါရော်လာခဲ့ အနက်ကလည်း အုံ့ဆိုင်း မှိုင်းအို လာခဲ့
ဘာနဲ့မှ အသစ်ပြန်စလို့ မရတော့ဘူး ….
ဒီဇင်ဘာကို စောင့်နေခဲ့ဖူးတယ် …
စိမ်းပြာရောင် တာကွိုက်စ်တွေ၊ ကိုယ့်ကိုယ်ကို ကြည်ညိုနေတဲ့ နာဆစ်ဆပ်စ် တွေ ..
မဖွင့်ပဲ ပွင့်ထွက်လာတဲ့ သက္ကရာဇ် အသစ်စက်စက်တွေ .. အလိုလို ဟောင်းအိုသွားတဲ့ ဒီဇင်ဘာတွေ..
အများအတွက်စတေးပြစ်လိုက်တဲ့ နာဇရက်မြို့သား၊ ခေါင်းလောင်းတွေ တအားမြည်နေတယ် ..
အစိမ်းရောင်မြစ်တွေက တဝေါဝေါ .. အဝါရောင်မြို့တော်တွေက အလျှံတညီးညီး
အနီရောင်လက်ဆောင်ထုပ်ကြီး တစ်ထုပ် ကောင်းကင်က ပြုတ်ကျလာခဲ့တယ် …
ဘယ်တော့မှ ဖွင့်မကြည့်ဖြစ်လိုက်တဲ့အတွက် အထဲမှာ ဘာပါမှန်း ငါ မသိခဲ့တော့ဘူး
အရှေ့ စူးစူးဆီမှာတော့ ကြယ်တစ်လုံးက တဝုန်းဝုန်း တောက်လောင် လင်းမြနေခဲ့…
သိပ်မောလွန်းလို့ ခဏလောက်ဖြစ်ဖြစ် အသက်ရှူရပ်ထားလိုက်ပါရစေ …
ခေါင်းလောင်းသံတွေက ဝင်သက်ထွက်သက်နဲ့ ငြိငြိနေတယ် …
ဘယ်တော့ နှင်းကျမယ်မှန်းမသိ .. ဘယ်တော့ ပန်းပွင့်မယ်မှန်းမသိ …
ဘယ်တော့ ပင်လယ်ရေခမ်းမယ်မှန်းမသိ ဘယ်တော့မှ ငါ့ကိုမိမယ်မှန်းမသိ …
ဒီဇင်ဘာတွေကို စောင့်နေခဲ့ဖူးပြီး ဒီဇင်ဘာတွေက ငါ့ကိုပြန်စောင့်နေခဲ့ကာမှ
ငါက ဒီဇင်ဘာတွေဆီ ပြန်ရောက်ဖြစ်တော့ဘူး ……….
မနော်ဟရီ
===================================
“ဆောင်းနတ်မယ်”
တယ်လီဖုန်းလေးသည်
အနွေးထည်လေး တထည်ပမာ
မြူနှင်းတွေ ဘယ်လောက်ကြမ်းကြမ်း
လူတွေ သတ္တဝါတွေ အချစ်စိတ်တွေ
ဘယ်လောက်ချမ်းချမ်း
ဒီ တဆောင်းကို
သူမ၏ အသံဖြင့် ကျွန်တော်ခုခံမည်။
ကောင်းကင်က ကြယ်တွေ
နာလိုခံခက် ဖြစ်အောင်
ချစ်သူ့ စကားသံဖြင့်
နှလုံးသားတို့ အစွမ်းကုန်လင်းလက်ကြသည်။
မမျှော်လင့်သော တညသ၌ဝယ်
ကျွန်တော့် ရင်ထဲ၌
ပင်လယ်ကြီးတခုကို တွေ့ရ၏။
တယ်လီဖုန်းခေါ်သံနှင့် သူမ အကြား
မြင့်မိုရ်တောင်ကြီးခြားနေသည်။
ညကြီးမင်းကြီး
လမ်းမီးတိုင် ဝါဝါတွေအောက်၌
နှင်းတွေ နှိပ်စက်သမျှ
တယ်လီဖုန်းကလေး
ခိုက်ခိုက်တုန် ချမ်းရ၏။
ထို့အတူ ခုနှစ်ဆောင် ဘုံမြင့်၌
နှင်းဆီပွင့်လေးရော အိပ်ပျော်ပါရဲ့လား။
ကေဇော်
===================================
စည်သူအောင် @ ဏေသစ် စုစည်းပေးပါသည်။
Thursday, November 27, 2014
မနေပျော်တဲ့ဘ၀ကြီးရဲ့ မီးပွိုင့်တွေမှာ ငါတို့ဟာ အမြဲတမ်း မီးနီမိနေတယ် ။
ဟိုးအဝေးက လှိုင်းတွေတွေပစ်ခတ်ထုတ်နေတာ တောင်တန်းတွေပဲမှတ်လား ။
ဒဏ်ရာဟာ အချိန်အကြာကြီး ထုပ်ပိုးသိမ်းဆည်းထားပေမယ့်လည်းလတ်ဆတ်ဆဲ
မမြင်ရတဲ့ လမ်းတွေမှာ ကိုယ် ရှူရှိုက်ချင်တဲ့ လတ်ဆတ်တဲ့လေနုအေးတွေရှိကောင်းရှိနိုင်ပါတယ်။
အသက်ရှင်နေထိုင်မှုကို မချစ်မြတ်နိုးတော့ဘူးဆိုရင် သေဆုံးခြင်းကိုရွေးချယ်ရမှာပဲ။
ခုဆို Tag ခလုတ်ကို အရင်လို ယုံကြည်မှုမရှိပဲနဲ့ မနှိပ်ပစ်ရဲတော့ဘူး။
မင်းတို့ ငါတို့စိတ်တွေ ရေချိုးခန်းထဲအချိန်အကြာကြီးဝင်ပြီး နေမကောင်းဖြစ်တယ်
တစ်ယောက်ယောက် က *နင်* လို့ခေါ်တဲ့ အခါ နာကျင်ရင် နာကျင်မှာပေါ့ ။စိတ်မကောင်းစရာသက်သက်မှန်းသိသင့်တယ်။
ကားဂိတ်တွေဟာ လူငယ်တစ်ယောက်ရဲ့စိတ်ဓာတ်ကျမှုကို နွေးထွေးပေးနေရတဲ့ မိသားစုပဲ။
သူငယ်ချင်းဟောင်းတွေလည်း မရှိတော့ဘူး ။ ပြန်ကောက်ရစရာဆိုလိုလည်းကိုယ်ဘာမှကျမပျောက်ခဲ့ရဘူး။
မလုံခြုံမှုဟာ တစ်စုံတစ်ယောက်ကိုမျှော်လင့်နေတုန်း သောက်သုံးရတဲ့ဆေးဝါးတွေပါပဲ။
မဖြစ်နိုင်မှန်းသိတယ်။ ဒါပေမယ့်ပျော်ရွှင်မှု စက္ကူငှက်လေးတွေတစ်ကယ်ပျံဝဲသွားတာမြင်ချင်တာပဲ။
Homo sapiens အဖြစ်ဟာ ငယ်ငယ်က  စားရတဲ့သရဲသကြားလုံးပဲ ။ နောက်ဆုံးမှကျိန်စာကို ငါတို့ကိုက်ဝါးမိတယ်။
မှောင်နေတဲ့အခန်းထောင့်မှာ ထိုင်ပြီး ဆိုက်ကို ကားတွေကြည့်မိ
လူ့ဖြစ်အင်မှာ ငါတို့ မေတ္တာတရားကို ဆာငတ်ရတယ်။ ကဗျာကောင်းတွေကို ဆာငတ်ရတယ်။
အခြားသူတွေရဲ့ အားလပ်မှုကိုဆာငတ်ရတယ်။
နေ့စဉ်ကြားနေရတဲ့ သတင်းတွေမှာ လူအဖွဲ့အစည်းနဲ့ငါတို့ဟာ ချဉ်းကပ်ပုံခြင်းမတူညီကြ
Be so good, they can't ignore you ဆိုတဲ့ စာသားကို မီးရှို့ပစ်လိုက်ခဲ့ပြီ
လိင်အသားပေးဇာတ်လမ်းတွေကို စိတ်မပါဘဲ ဟန်ဆောင်ကြည့်နေရတယ်။
မိန်းမတစ်ယောက်ရဲ့ Level 6  က *ဟုတ်ပါတယ် အားလုံးကျမ အမှားပဲထားလိုက်ပါတော့*လို့သုံးခါပြောခြင်းပဲ။
သူစိမ်းတွေဟာ ငါတို့လျှောက်မဲ့ လမ်းတိုင်းမှာကလုန်းပွားပြီးအသင့်အနေအထားနဲ့စောင့်နေ။
လူအဖွဲ့အစည်းဟာ အပယ်ခံသက်သက်ပါ ။ သူတို့မကြားနိုင်တဲ့ သီချင်းတွေ ငါတို့သီဆိုနေပြီ
ဝမ်းနည်းစရာကောင်းတာက ငါတို့မှာလည်း အမှန်တစ်ကယ်လိုချင်မိတဲ့ လက်မှတ်တွေရှိပါတယ်။
ငါတို့အပြင်သွားရင် တစ်ယောက်ယောက်ကိုတော့ နှုတ်ဆက်ချင်တယ်။
5’ 8’’ ၊ 135  နဲ့ 22 နှစ်သက်တမ်းရှိတဲ့ ခန္ဓာကိုယ်ထဲမှာ နေထိုင်ရတာပျင်းရိငြီးငွေ့စရာသက်သက်။
ငါတို့နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ငါတို့ဟာ နာမည်ကြီး ။
ကိုယ်နေချင်တဲ့ မြို့တွေမှာ စီးပွားရေးကျဆင်းသံတွေကြားတယ်။ ဘားတွေမှာ လူတွေပြည့်လျှံနေတယ်။
ဒီပရက်ရှင်မနက် ဒီပရက်ရှင်ည ။ စိတ်ဟာ အရည်ပျော်ပြီး လမ်းကြိုလမ်းကြားတွေအထိစီးဆင်းသွား
ခေတ်ပေါ်လူသားဟာ ခေတ်ပေါ်ဒဏ်ရာတွေနဲ့ ။ ဆေးရုံနံရံမှာ လက်သည်းနဲ့ နာမည်တစ်ခုကိုရေးခြစ်ထားခဲ့။
လူတွေဟာ ပိုလာဝက်ဝံတွေပါ ။ သွေးခဲမှာ ထိုးစိုက်ထားတဲ့ ဓါးသွားကို တစိုက်မတ်မတ်လျက်နေကြ။
အများနဲ့မို့ ကိုယ်မဆော့ချင်တဲ့ fellowship ဂိမ်းတွေဆော့ခဲ့ရတယ် ။ ကိုယ်ရွံရှာတယ်။
အိမ်ကလူတွေမသိအောင် ငယ်ငယ်တုန်းက သွေးထွက်ဒဏ်ရာကို လက်နဲ့အုပ်ကိုင်ထားခဲ့ဖူးတယ်။
ကိုယ်ဟာ Generation တစ်ခုခုကို ဆက်ခံသူမဟုတ်ဘူး။
ကိုယ်ဟာ သတ်မှတ်ချက်တစ်ခုခုကို အတည်ပြုသူမဟုတ်ဘူး။ ကိုယ်ဟာ ဓာတ်ပြယ် ။
အမြင့်ပျံငှက်တွေ ရှိတာ ကိုယ်ကြားဖူးပါတယ် ။ သူတို့ကို ကိုယ်မယုံကြည်ဘူး ။
Apple တံဆိပ်မှာ ပဲ့နေတဲ့ပန်းသီးအသားဟာ ကိုယ်ကိုက်ထားခဲ့တဲ့ အရာ မဟုတ်ပါဘူး ။
တစ်ယောက်တည်း စကားပြောရတဲ့ အရသာ ဟာ ချိုမှန်း ကိုယ်ယုံကြည်ရတဲ့လူတွေ ကိုယ့်ကိုပစ်ချထားခဲ့တဲ့အခါ
ကိုယ်သိလာတယ်။
တစ်စုံတစ်ရာကို စတင်လိုက်ရမှာ ကိုယ်သိပ်ကြောက်ရွံ့နေပြီး
တစ်ယောက်ယောက်က အဆုံးသတ်စကားတွေ ကိုယ့်ရှေ့မှာပြောနေခြင်းကိုလည်း
ကိုယ်ခံနိုင်ရည်မရှိ ။
လိင်စိတ်ပြင်းထန်နေချိန် မိန်းမတစ်ယောက်ဟာ ကိုယ်မဟုတ်တဲ့တခြားသူတစ်ယောက်နဲ့ အိပ်သွားမလား။
ကိုယ် အရာအားလုံးကို မနှစ်မြို့တော့ဘူးကွယ် ။
ရင်ခွင်ရှိန်း
ရှင့်ဆီ ကျမ ရောက်ရှိခဲ့တယ် ... မိုင်ပေါင်းထောင်သောင်းချီ၍ ။
ကျမတစ်ယောက်တည်း ဘာလို့ငိုနေရလဲ ။
ရှင်ရော အတူတူ ငိုနေဖို့ မဖြစ်နိုင်ဘူးလား
ကျမ လက်ထဲမှာ တစ်ခုခုကို ဆုပ်ကိုင်ထားမိတယ် ။ ဘာလို့ ရှင့် ဆံပင်တွေမဖြစ်ရမှာလဲ
ကျမ အကျယ်ကြီး အော်ငိုနေမိတာလား ။ မိုင်ပေါင်းထောင်သောင်းချီ၍ ကျမ ငိုနေရမှာလား
ကျမ ကိုပင်လယ်ကို ခေါ်ထုတ်သွားစမ်းပါ ။ ပင်လယ်ပြင်အောက်မှာ ခရုခွံတွေရှိနေမလား
ကမ်းခြေတွေမှာ ကျမ မြင်ဖူးတယ် သိလား ။ ခရုခွံတွေလေ ။
ကလေးငယ်တွေ နဲ့ ကောင်မလေးတွေလိုက်ကောက်နေကြတာကိုပေါ့ ။
သက်မဲ့ခရုခွံတွေကို လက်ကြားလေးထဲထည့်ပြီး မှုတ်လိုက်တဲ့အခါ
အဝေးကြီးကို အော်ခေါ်လို့ရတဲ့ အသံတစ်ခုအဖြစ်ပြောင်းလဲသွားတယ် 
ဒါကြောင့် ကျမ ခရုခွံတွေကို ချစ်တယ်။
ကျမ ကို ပင်လယ်ပြင်ကိုသာ ခေါ်ထုတ်သွားစမ်းပါ
ရှင့် ခန္ဓာကိုယ်ဟာ အရမ်းနွေးထွေးနေတာပဲ
ကျမ ကို ဘာလို့ ပြန်မဖက်ထားနိုင်ရတာလဲ 
ကျမ တို့ ဝေးများသွားတာလား ။ မဖြစ်နိုင်ဘူး သိရဲ့လား ။
အော်သံတစ်ခု ကျမ ခုနက ကြားလိုက်တယ် ။ ကျမ ရဲ့အော်သံပဲဖြစ်နေခဲ့မလား
ရှင့်လက်မောင်းက ကျမ သွားအရာလေးတွေ ဘယ်ရောက်ကုန်ပြီလဲ
ကျမ အမှောင်ကို အရမ်းကြောက်တယ် ။ ရှင်သိပါတယ် ။
အိမ်ပြန်နောက်ကျတဲ့နေ့တွေမှာ လမ်းထိပ်က လူတွေက မူးမူးနေတတ်တယ်။
ကျမ ခန္ဓာကိုယ် ကို ရှင်မဟုတ်တဲ့ တခြားယောက်ျားတစ်ယောက်က ရယူပစ်လိုက်မှာ
ရှင်လည်း ကြောက်တယ်ပြောတယ် ။ ကျမ လည်း ကြောက်တယ်ပြောတယ် ။
ခြောက်လက်မလောက် ဓါးလေးတစ်ချောင်းကို မွေးနေ့လက်ဆောင်လို့ ရှင်ခေါ်တယ်
ကျမ ကို သူက ကာကွယ်နိုင်ပါ့မလား
ကျမ လူတွေရဲ့ စိတ်အညစ်အနွမ်းတွေကို ကာကွယ်နိုင်ပါ့မလားရှင်ရယ်
ရှင် ကျမ နားကိုမြန်မြန်လာခဲ့ပါ
ထွေးဖက်ထားပြီး "ငါရှိတယ်" လို့ပြောစမ်းပါ
ကျမ အမှောင်ကို သိပ်ကြောက်တယ်ဆိုတာ ရှင်သိပါတယ်။
ဘာလို့ ရှင့်ကို သတိရနေရတာလဲ  ကျမကို ရှင်ဖြေပါလား
ကျမတို့ နမ်းခဲ့ဖူးတယ် ။ ရှင့်နှုတ်ခမ်းတွေက နွေးထွေးနေတာပဲ
ကျမ ခု အရမ်းအိပ်ချင်နေတယ် ။
ရှင်နဲ့ အိပ်ချင်နေတယ် ။ သွေးသားဆန္ဒဖြစ်ပေါ်နေတယ်
အွန်လိုင်းပေါ်က "သတိရတယ်"ဆိုတဲ့ စာသားနဲ့ ကျမ လိင်ဆက်ဆံပစ်နေခဲ့ရတယ်
ကီးဘုတ်ပေါ်က ကျမ လက်ချောင်းတွေဟာ ဘာလို့ သိပ်နာကျင်နေခဲ့ရတာလဲ
ရေဒီယိုမှာ တစ်နေ့တာလုံး ဖောက်ပြန်ရေးအစီအစဉ်တွေပဲလာနေတယ်ရှင်
ကျမ သိပ်နာကျင်တာပဲ
ကျမ လက်ထဲမှာ တစ်ခုခုကို ဆုပ်ကိုင်ထားမိတယ် ဆိုတာ ကျမ သတိမထားမိပါရစေနဲ့
ရှင့် အိမ်မက်တွေအထိ ကျမက ကိုက်ခဲထားတယ်လို့ ရှင်ပြောတယ်
ကျမ သိပ်ပျော်တာပဲဆိုပြီး တစ်ပတ်လောက် ခေါင်းတွေကိုက်ခဲခဲ့ရတယ်
ရှင် ကျမကို လိုအပ်နေခဲ့သလား
ရှင် ငြင်းနိုင်ပါတယ် ။
ရှင့် ကွန်ပြူတာထဲက ပွန်းကားတွေနဲ့ လိင်စိတ်နှိုးဆွတဲ့ ပုံတွေဟာ
ကျမ ပျက်ကွက်ရခြင်းနဲ့ သက်ဆိုင်နေခဲ့လားလို့ ကျမ မေးရင် ..
ပင်လယ်ခရုခွံတွေ ရှင်သွားကောက်ပါလား
ကျမ သူတို့ကို ချစ်တယ်လို့ ပြောဖူးတယ်လေ
တစ်နေ့နေ့ရောက်ရင် ကျမ တို့ဟန်းနီးမွန်းကို ပင်လယ်ပြင်ဆီ လှေတစ်စင်းနဲ့လွှတ်လိုက်မယ်
ကျမ တို့ဟန်းနီးမွန်းဟာ ပင်လယ်ခရုတွေကိုတော့ မုန်းနေလိမ့်မယ်
ပင်လယ်ခရုခွံတွေကို သူချစ်မှာမဟုတ်ဘူး ။
ကျမ အသိစိတ်တွေ ပြန်မ၀င်ချင်တော့ဘူး
ကျမ အတွေးတွေနဲ့ အိမ်မက်တွေထဲမှာပဲ နစ်မြုပ်သွားတဲ့ လှေတစ်စင်းဖြစ်ချင်တယ်
ပင်လယ်ပြင်အောက်က ခရုတွေကို ကျမ သွားကောက်နေဖို့ပေါ့
အိမ်လေး တစ်လုံးရှိမယ်ရှင် ။ အ၀ါရောင်လေးပေါ့
မနက်ဆို ကျမ က အစောကြီးထမယ် ။ မနက်စာတစ်ခုခု  ရှင့်အတွက် စီစဉ်ပေးမယ်။
ရှင် နိုးထ မလာခင် ရှင့်နဖူးလေးကို အနမ်းလေးပေးချင်တယ်။
ရှင်က ကလေးလေးနဲ့ သိပ်တူတာပဲ
ရှင် အိပ်ပျော်နေတဲ့ ပုံလေးက သိပ်ငြိမ်းချမ်းတာပဲ လို့ ကျမ တိတ်တိတ်ကလေးရေရွတ်ချင်တယ်
ကျမ ခု ရှင့်နဖူးလေးကို အနမ်းလေးပေးနေပြီ သိရဲ့လား 
ဘာလို့ ကျမ ခန္ဓာကိုယ် က နွေးထွေးပြီး ရှင့် ခန္ဓာကိုယ် က အေးစက်နေရတာလဲ
ကျမ မုန်းလိုက်တာ ။ ကျမ ငိုမိတော့မယ် 
ကျမ ကို ချော့ပါ ။
"မဟုတ်ပါဘူးကွာ  ကိုယ် မင်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ" လို့ ပြောပါ။
ကျမ ခု သိပ်ကြားချင်နေတာပဲ
အရာအားလုံးက ကျမ အတွက် ဘာလို့ တိတ်ဆိတ်နေရတာလဲ
အမှောင်ကို ကျမ သိပ်ကြောက်တာပဲ
မီးလည်း ကျမ ခုမဖွင့်ရဲဘူး
ကျမ အသိစိတ်တွေ မ၀င်ရဲတော့ဘူး ရှင်ရယ်
မော့ကြည့်မိတော့ မျက်နှာကျက်တစ်ခု ကျမ တွေ့တယ် ရှင်သိလား ။
ကျမတို့ နှစ်ယောက်ရဲ့ချစ်မေတ္တာလိုပဲ
မျက်နှာကျက်အောက်မှာ ကျမ ခု ထိုင်နေတယ် ။
ငိုတယ်ဆိုတဲ့ မျက်လုံးတွေကိုလည်း မှိတ်ခိုင်းထားလိုက်တယ်
ကျမ ခု အသိစိတ်ကို ကြောက်နေတယ်
တအား ကြောက်နေတယ်ရှင်ရယ်
ကျမ မှိတ်ထားတဲ့ မျက်လုံးတွေဆီကနေ ကျမ မငိုတဲ့ မျက်ရည်တွေကျနေတယ်
မျက်နှာကျက်ဆီမှာပဲ ကျမ စိတ်ကို ရောက်နေစေချင်တယ်
မျက်နှာကျက်မှာ မီးလုံးတစ်လုံးက ချိတ်မိနေတယ်
သစ္စာတရားလို့ ကျမ က တိတ်တိတ်ကလေး ရေရွတ်မိတယ်
ခု ကျမ အခန်းတစ်ခုထဲ ရောက်နေတယ်ရှင်ရယ်
တစ်ခန်းလုံး မှောင်မည်းနေတာပဲ
အော် ... ရှင့်ကို ကျမ ပြောရဦးမယ် ။ ရှင့်ကို မပြောဖြစ်တာတစ်ခုခုကိုပေါ့
ကျမ ရှင့်ဆီကိုလေ အသိမပေးပဲ အမြဲလာနေချင်တာပဲ လို့ ။
အခန်းက မှောင်နေတာပဲရှင်
ကျမ ကို ရှင် ပြန်ဖက်ထားပေးပါလား
ခုလို အေးစက်နေတဲ့ခန္ဓာကိုယ်နဲ့မဟုတ်ပဲနဲ့ပေါ့။
ချစ်မေတ္တာဟာ သွေးလည်ပတ်မှုတစ်ခုလို နှလုံးသားဆီသို့
ပြီးတော့ ... အဝေးက ခရုမှုတ်သံတွေ ကျမ နားထဲမှာ ဆူညံနေတာပဲရှင်
အရမ်း ရက်စက်တယ်ရှင်က
သိပ်အေးစက်နေတာပဲရှင်က
ကျမ ရှင့်ဘေးမှာ ရှိနေတာတောင် ကျမ ကို မဖက်ထားနိုင်ဘူး
ကျမက ခရုခွံတွေနဲ့အလှဆင်ထားတဲ့ ရှင့်မွေးနေ့လက်ဆောင်ကို
တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိတယ်
ရှင့် သွေးတွေနဲ့  ... ။
ရှိန်းသူအောင်