ဝမ်းတစ်လုံးကောင်းပေမယ့်
ခေါင်းတွေ ခဲနေတယ်။
လက်က ကီးဘုတ်ပေါ်မှာ မနားတမ်း
ပုဒ်ကလေး ( ၊ )
ပုဒ်မ ( ။ )
ချလိုက်တိုင်းလည်း
ခဏနားတာလား
အပြီးသွားတာလားဆိုတာပဲ
စိတ်က တွေး တွေး မိနေတယ်။
သြော် စိတ် စိတ်။
တစ်ဖက်က ပြောတယ် " ဟယ် ဘယ်လိုဖြစ်တာလဲ "
တစ်ဖက်က ပြန်ပြောတယ် " ငါ ပစ်ထားမိခဲ့တဲ့ စိတ်တွေ ခု ငါပြန်မြင်ရပြီ "
တစ်ဖက်က ပြောတယ် " နင် ဆိုတာလည်း နော် "
တစ်ဖက်က ပြန်ပြောတယ် " ပြဇာတ် အလွန်အမင်း ဆန်သွားပြီးပြီးရင် အဲ့ဒီဇာတ်ကို လက်တွေ့ကျဖို့ ကြောက်မနေသင့်တော့ဘူး"
တစ်ဖက်က '' စိတ်ကို ငြိမ်ငြိမ်ထား ''
တစ်ဖက်က '' ........... ..... .............. "
သြော် စိတ် စိတ်။
မြင်နိုင်ဖို့ကြိုးစားရတယ်။
ကြားနိုင်ဖို့ ရိုးသားရတယ်။
ခံစားနိုင်ဖို့ ကိုးကားရတယ်..။
တည်ငြိမ်နိုင်ဖို့ ကျတော့ ....................
သြော် စိတ် စိတ်။
ဘယ်သကောင့်သားကိုမှ
အကျယ်တ၀င့် ခရက်ဒစ် မပေးလိုက်မိပြန်ဘူး။
မာန်ပါပါ နဲ့ ငါ ဟစ်ဆိုလိုက်တိုင်း
ကိုယ်ပိုင်သံစဉ်တွေချည်းပဲ
အဲ့ဒီ သီချင်းတွေကို စိတ်နဲ့စပ်တယ်။
စိတ်နဲ့ဆိုပြီး
စိတ်နဲ့ မေ့ပစ်လိုက်မိတယ်။
ကိုယ် စိတ်ညစ်အောင် မလုပ်ချင်ဘူး..၊ မလုပ်ရက်တော့ဘူး။
ကိုယ် ....တကယ်။
လူတိုင်းမှာ စိတ်ရှိတယ်။
ကျွန်မမှာလည်း စိတ်ရှိတယ်။
စိတ်တွေကို နှမြောဖို့ ၊ တွန့်တိုဖို့၊ မလွယ်ကူဖို့၊ မရိုင်းပြဖို့၊ တန်ဖိုးထားဖို့၊
ရေလိုကျင့်ဖို့၊
ကိုယ်လိုရာစေခိုင်းဖို့တော့
စိတ်ရှိတဲ့ လူတိုင်း
စိတ်ရှိတဲ့ ကျွန်မကိုယ်တိုင် မလေ့ကျင့်ပေးခဲ့မိဘူး။
အခါခါ မျက်တောင်တစ်ခတ်တိုင်းဟာ
စိတ်တွေကို ပြန်လည်ထူထောင်နိုင်ရေး
အခွင့်အရေးလေးသာ ဆိုရင်
ပုဒ်မ၊ ပုဒ်ကလေး မခွဲချင်တော့ဘူး။
လက်တွေ့ကျဖို့ ပြဇာတ်မဆန်ချင်တော့ဘူး။
ခံစားနိုင်ဖို့ မကိုးကားချင်တော့ဘူး။
ကိုယ့်ကိုယ်ကိုယ်
စိတ် "ညစ်" အောင် လည်း ကိုယ်မလုပ်ချင်တော့ပါဘူး။
မေသော်
0 comments:
Post a Comment