ကိုယ်ဟာ
ကမ္ဘာပျက်လူသားပါ။
ဖရိုဖရဲ
အတွေးအခေါ်တွေနဲ့ဆို
ကိုယ့်ဘ၀ထဲ
ညီမလေး ခုန်ချလိုက်မှာလား။
ကိုယ့်ကို
ခါချလိုက်မှာလား။
လူတိုင်းမှာ စိတ်လိုလက်ရ
စိတ်ကူးယဉ်ခွင့်တွေရှိကြတယ်။
စိတ်တိုင်းကျ
အိပ်မက်မက်ခွင့်တွေရှိကြတယ်တဲ့။
ကိုယ်ကတော့
ညီမလေးနဲ့ အတူ မြက်ခင်းစိမ်းစိမ်းပေါ်
လမ်းလျှောက်ကြည့်ချင်ရုံသာ
လက်ကလေးကို ထိထားမယ်။
ညီမလေးပခုံးလေးကိုလည်း ထိထားမယ်။
ညီမလေး လည်ပင်းက သွေးခုန်နှုန်းကိုလည်း ကိုယ် စက္ကန့်မလပ် ကြည့်ထားမယ်။
ထပ်ပြောပါဦး...။
အချစ်မှာ ဘယ်ဥပါယ်တံမျဉ်မှ မပါစေချင်ဘူးလို့။
ကစဥ့်ကလျားဆန်တဲ့ နေ့ညမျိုးတွေ
စိတ်လေတယ်နော် ဆိုတဲ့ တိုးတိုးငြီးတွားမှုမျိုးတွေ
တို့ကနန်း ဆိတ်ကနန်း အတွေ့အထိမျိုးတွေ
နှုတ်ခမ်းနီ ပျက်ယွင်းသွားမှာစိုးတဲ့ ခပ်ဟဟ ရယ်သံမျိုးတွေ
အစိုဓာတ်အပြည့်နဲ့ ညီမလေးရဲ့ နှလုံးသားဖွင့်ဆိုချက်တွေ
အထက်ပါ အကြောင်းအရာတွေကြောင့်
ကိုယ်ဟာ ညီမလေးရှေ့မှာ
စိတ်တွေခဏခဏ လျှော့ချ မောရတာလည်း မနည်းပါဘူး။
ချစ်ကြောင်း ကုန်စင် ဖွင့်ဟရမလားလို့
တစ်ခါတွေးတိုင်း
ကိုယ့်ရဲ့ အရှေ့အရပ်က နေမင်းက တစ်ခါ ပျောက်ကွယ်သွားတယ်။
အရာမယွင်းသေးတဲ့ ဒီဆက်ဆံရေးအတွက်
ကိုယ်ဟာ ရှေ့မတိုးရဲ
နောက်မဆုတ်ရဲ
တွေဝေဆဲ တွေဝေမြဲ။
ညီမလေး သတိမထားမိတာပါ။
ကိုယ့်အတွက်
တင်းကျပ်စေတဲ့အရာတွေတိုင်း
ညီမလေး ဖန်တီးပြီး
ကိုယ့်ကို ဖျော့တော့သွားစေတဲ့ အရာတိုင်းကိုလည်း
ညီမလေး ကုစားတတ်တယ်။
ညီမလေးအတွက်ဆို
ကိုယ်ဟာ
အနှောင်းသေချာစေဖို့
အစကောင်းအောင် အကြိမ်ကြိမ်
အဖန်ဖန်လေ့ကျင့်နေခဲ့။
ဆိုင်းငံ့ခြင်း၊ တွန့်ဆုတ်ခြင်းအတတ်တွေကို
အကြိမ်ကြိမ် အဖန်ဖန် တတ်မြောက်နေခဲ့။
ဘယ်လို အစပြု ရေးရမှန်း မသိတဲ့ ကဗျာတွေ
အကြိမ်ကြိမ် အဖန်ဖန် ပွင့်အန်ထွက်ခဲ့။
ခံစားချက်လေးတွေ ပိုမိုယဉ်ပါးလာမှ
ညီမလေးအကြောင်း ကိုယ်ကဗျာလေး ရေးပေးဦးမယ်။
ခေါင်းစဉ်က
'ညီမလေးအတွက် ကိုယ်ဟာ ကမ္ဘာပျက်လူသား'။
ဖွင့်၊ ဖတ်၊ ပြုံး ရင်း
အလှဆုံး ကြည်နူးမိပါစေ
ဒါဟာ ကိုယ်သတ်မှတ်ထားတဲ့ ညီမလေးရဲ့ အကျွမ်းကျင်ဆုံး ဘာသာရပ်ပါလေ။
မေသော် (20.1.14)
0 comments:
Post a Comment