Pages

Subscribe:

Ads 468x60px

Friday, March 14, 2014

အတိတ်

အတိတ် …… "၁"

သူတို့တွေရဲ့ သွေးသားက
ငါမဟုတ်ခဲ့ဘူး ဆိုရင်
ဒါမှမဟုတ်……
အိမ်ရှေ့လမ်း မှာနေတဲ့
ထူးချွန်ကျောင်းသူက ငါဖြစ်ခဲ့မယ်ဆိုရင်
အဖေနဲ့ အမေရဲ့
အသက်ရှုသံက
ခဏခဏ သက်ပြင်းတွေပါစရာ မလိုတော့ဘူး


အတိတ်……"၂"

ငါ့ရဲ့ ပွယောင်းယောင်း လက်ချောင်းတွေနဲ့
ဆုတောင်းယဲ့ယဲ့ကို တောင်းခံခဲ့ဖူးပြီးပြီ
အနီးဆုံးမှာ ရှိနေတဲ့ အဝေးဆုံးလူတွေဆီကလည်း
ဥပေက္ခာ ဆိုတာကို ခံစားနားလည်ခဲ့ပြီးပြီ
လေချည်းသက်သက်
ငါ့ကိုယ်ငါ လွှင့်ပစ်လိုက်တယ်
အခုလောက်ဆို အငိုတိတ်သင့်နေပြီ မဟုတ်လား………


အတိတ်……"၃"

ကိုယ့်ရဲ့ စိတ်ခံစားချက်ကို
သော့ခတ်တတ်အောင်
ကိုယ်ပိုင်ဘဝ တစ်ခုရှိကြောင်း ဟန်ဆောင်တတ်အောင်
ဘေး ဘယ် ညာ ကိုကြည့်ပြီး
အရောင်ပြောင်းတတ်အောင်
ကိုယ့်ကိုကိုယ် ပြန်သင်တတ်ခဲ့တယ် ။


အတိတ်……"၄"

လေ့လာတွေ့ရှိချက်တွေအရ
အပေါင်းအသင်းဆိုတာ
ကြောက်စရာ အကောင်းဆုံး အန္တရာယ်ပဲ
စိတ်ရော လူရော ခွာထားပါရစေ


အတိတ်……"၅"

ဘယ်လိုပြောရမလဲ
ငါ့အတွက် တိုးတိုးဖော်က ငါပဲ
ငါ့အတွက် အရင်းနှီးဆုံးက ငါပဲ
ငါ့အတွက် အချစ်ဆုံးက ငါပဲ
အကြိမ်တစ်ထောင်တောင်းလို့
တစ်ကြိမ်မပြည့်ဖူးတဲ့ ဆုတွေကို
ဘုရားသခင်ဆီက ပြန်ရုတ်သိမ်းလိုက်တယ်…


အတိတ်……"၆"

ကိုယ့်ကိုကိုယ်ပြန်ပုန်းဖို့
မြေအောက်ခန်းတစ်ခန်း ပေးပါ
ရှုသွင်း ရှုထုတ်တဲ့လေကအစ
ဆွေးဆွေးမြေ့မြေ့ကြီးရယ်
မပြောကြပါနဲ့……
လက်ညိုးတွေ ငါ့ဘက်မလှည့်ကြပါနဲ့……
ဖြစ်တည်မှု အစကတည်းက
လုံခြုံမှု ရဲ့ အဓိပ္ပာယ်ကို
ကိုယ့်အရိပ် ကိုယ်ပြန်ဖမ်းနေသလို
လိုက်ရှာနေခဲ့ရတာ……


အတိတ်……"၇"

လူမြင်သူမြင် မဝဲတတ်တဲ့
ငါ့မျက်ရည်တွေ
ငါမကွယ် မဝှက်ဖူးတဲ့ စကားတွေ
ငါ့အထိတ်တလန့် ဆန္ဒတွေ
ငါ့ရဲ့ ရိုင်းရိုင်းစိုင်းစိုင်းရေရွတ်သံတွေနဲ့
င့ါရဲ့ အားငယ်တီးတိုးသံ တွေ
ဇာအနားသတ် ခေါင်းအုံးအောက်မှာ စိုတယ် ။


အတိတ်……"၈"

အရာမထင်ခဲ့တဲ့ ကြိုးစားမှုတွေ
အသိအမှတ်မပြုခဲ့တဲ့ စေတနာတွေ
အကောင်းမမြင်ပေးတဲ့ လုပ်ရပ်တွေ
တကယ်တော့……
အထီးကျန်တယ် ဆိုတာ <ငါ့အတွက်>
ပိုပြီး သက်တောင့်သက်သာ ရှိတယ်


အတိတ်……"၉"

တစ်စုံတစ်ယောက်ရဲ့ လက်တစ်ဖက်ကို ဆွဲထားရတာ…အသက်ရူကြပ်တယ်
ဖြုတ်ချထားခဲ့မလား
ပြုတ်ကျကျန်ခဲ့မလား နဲ့
ရင်တထိတ်ထိတ်……


အတိတ်……"၁၀"

မနေ့ညက
အတိတ်ကို သတိရတဲ့စိတ်နဲ့
ငါ………လှိုက်လှိုက်လှဲလှဲ ငိုတယ်…။


စုန်း

0 comments:

Post a Comment