သွေးတွေက
တစိမ့်စိမ့်နဲ့
အေးလည်းအေးတယ်
နွေးလည်းနွေးတယ်။
ဆီလိုအပေါက်ရှာတယ်လို့ ပြောပြော
ဟိုကယို ဒီကယိုပဲ ဆိုဆို
ခန္ဓာကိုယ် အနှံ့ကကို ထွက်နေတာ
တစိမ့်စိမ့်နဲ့။
ခင်ဗျားတို့မြင်နေကျ
ရေချိုးကန်ထဲမှာပဲ။
ဒါပေမယ့် ရေမရှိဘူး၊ ဟာတာတာကြီးရယ်။
ကိုယ်ရယ်၊ ကန်ရယ်၊ သွေးရယ်
ခုလောလောဆယ်။
အေးလိုက်တာ
သွေးအေးတယ်ဆိုတာလား
ပြီးတော့ အားမရှိတော့ဘူး
အနံ့မခံချင်တော့ဘူး
မလှုပ်နိုင်တော့ဘူး
မျက်တောင်မခတ်ချင်တာ့ဘူး
မျက်အိမ်က မကစားချင်တော့ဘူး
ဘာကိုမှ မမြင်ချင်တော့ဘူး
အသက်လည်း မရှုချင်တော့ဘူး
(ဒါပေမယ့် တခြားအသက်ရှုသံတွေ ငါကြားနေတယ်)
ပင်ပန်းနေပြီလား ဆိုတော့
ဟင့်အင်း မပင်ပန်းပါဘူး။
အို......
သွေးတွေက တစိမ့်စိမ့်နဲ့။
နောက်ခံသီချင်းလေးမှာ နည်းနည်းမျောသွားတယ်
ကိုယ်သေရတော့မယ်လေ
mood လေး သွင်းထား
မျက်ရည်လေးက တောက်ခနဲကျ
ပါးပေါ်က စီးကျ။
ဖြေး…..ဖြေး…………….ချင်း။
ဘယ်ဘက်မျက်လုံးက မျက်ရည်ကျရတာ ငါ့အတွက် ပိုလွယ်တယ်။
အဲ့ဒီဘက်က စီးကျလိုက်။
အင်း ဟုတ်တယ် အဲ့ဒီလို။
မျက်ရည်ဆိုတာ သွေးထွက်သလို ပန်းမထွက်ရဘူး။
မျက်လုံးနှစ်လုံးစလုံးက ထွက်ရတာဟာ
တစ်လုံးချင်းစီက ထွက်ရတာထက် ပိုခက်တယ်။
သွေးနဲ့ မျက်ရည်ရောလည်းပြီးရော
မျက်လုံးကို မှိတ်ချလိုက်တယ်။
သွေးတွေက တစိမ့်စိမ့်နဲ့
နောက်ခံ သီချင်းပြီးသွားပြီ။
ဒီအချိန်ကို ကိုယ်စောင့်နေရတာ။
ကိုယ့်ရဲ့ခေါင်းလေး ဘေးနားက တစ်ချက်စောင်းချလိုက်တယ်။
ကိုယ့်တာဝန်ပြီးဆုံးသွားသလိုမျိုးပေါ့။
အသက်အောင့်ရင်း အသံတစ်သံကိုစောင့်တယ်။
ကဒ် (ကပ်) တဲ့။
ဟုတ်ကဲ့
သိပ်တော်တာပဲလို့ ဘယ်သူမှ မပြောပါဘူး။
ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်တယ်။
ငါ သိပ်တော်တာပဲ။
ဒီအခန်းဟာ ရိုက်ဖူးသမျှ ဇာတ်ဝင်ခန်းတွေထဲမှာ
ငါ့အတွက် အသက်အ၀င်ဆုံး။
သွေးနဲ့ အအေးပတ်တော့မယ်လို့
ဘေးနားက အစ်ကိုကြီးက လှမ်းစတယ်။
ကိုယ်ပေါ်က သွေးအတုတွေ သုတ်လိုက်ရင်း ပြုံးမိလိုက်တယ်။
အို သွေးတွေက ကပ်စီးစီးနဲ့။
မေသော်
(၇.၅.၁၄)
0 comments:
Post a Comment