စကားဦး
ဘယ်အရာဝတ္တုမှ တကယ်ရှိမနေခဲ့ ဘူး
အချိန်ကာလများစွာစွာသစ်နေခဲ့ တဲ့  ဒဏ်ရာအဟောင်းတွေနဲ့ 
ကျွန်တော် ခင်ဗျားတို့ ဆီ
အသံပါတဲ့ ညနေတစ်ခုလက်ဆောင်ပါးလိုက်တယ် ..။
သိမှုမှာ အက်ကွဲနေတဲ့  ဂီတသံနဲ့ 
ကိုယ့်ကိုကိုယ် ပြန်ပြီးဖျားယောင်းနေရ
ထေ့ထေ့ငေါ့ငေါ့ရယ်မောနေတဲ့  ပွင့်ဖက်ကလေးတွေရယ်
ပါးကွက်ကြားကလေးရယ်
သူမရယ်ဟာ
ကျွန်တော့်အတွက် တန်ဖိုးမြင့်အိမ်မက်တစ်ခုဖြစ်ခဲ့ တယ်
သူမပြန်မလာသေးဘူး..။
ဟုတ်တယ်
သူမပြန်မလာတော့ဘူးလေ
ဖြူစွတ်စွတ်နှင်းပန်းကလေးတွေနဲ့ 
ယာတောခင်းပေါ်ဖြတ်လျှောက်သွားတဲ့
လေညင်းတွေတောင် အိုမင်းလာခဲ့
သူမသိပ်မြတ်နိုးတဲ့  ပန်းရောင်ဆွယ်တာ အကျီလေးနဲ့ 
လက်သပ်ရေမွှေးပန်းကလေးတွေနားတောင်
သူမပြန်မလာတော့ဘူး..။
နံနက်ခင်းဟာ သွေးသံတရဲရဲအော်မြည်နေပြီ
အမှန်တရားရဲ့ဧည့်ခန်းမှာဘယ်သူအခန့် သားဝင်ထိုင်နေသလဲ
ရောင်စုံစက္ကူလေးတွေ စွန်လုပ်ပြီးအမှတ်တရဆီပို့ လွှတ်မိတယ်
သူမတကယ်ရော ရှိနေတာဟုတ်ရဲ့လား
ကျွန်တော်မသိနိုင်ခဲ့ဘူးညနေ..။
စိတ်အသေစတွေနဲ့ အယူဝါဒတွေပဲ
ဲပြတင်းဝမှာ တဖွားဖွားလာစင်ကုန်ရဲ့
မေတ္တာတရားကို အလျှားလိုက်ချခင်းမိဖို့ 
ဒဏ်ရာနဲ့  ညနေတွေ တူးဆွခဲ့ ရ
ဘယ်အတွက်ကြောင့်ပဲရရ
ကျွန်တော်ရတဲ့ ဆုဟာ မလှပခဲ့ ဘူး
ကျေနပ်ခဲ့ တယ်
သူမအတွက် ကျွန်တော်ဟာ ဆုဖြစ်ခဲ့ တယ်
သူမရယ်ကတော့ပြန်မလာဖြစ်ခဲ့သူ.။
အဲ့ဒီလိုနဲ့ ပဲ.....။
" ဆု ရီ ဖ တ် စာ "
(၁)
ဆု
နင့်နာမည် ဆုတဲ့လား
ဆုတစ်ခုပဲ ဖြစ်လိမ့်မယ်..။
ငါထင်မိတယ်ဆုရီ
ဆက်ရေးဖို့ ကျန်နေတဲ့  ဒုက္ခတွေနဲ့ 
့ငါတို့ ဖြစ်တည်လာကြသလား
နင့်အမှန်တရားတွေနဲ့  ငါ့ကိုကာထားပါ
နူးညံ့ညင်သာတဲ့ လက်ဖ၀ါးပြင်လေးဟာ
ငါ့အတွက် အိပ်စက်ခြင်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်
ဘ၀ဆက်တိုင်းညောင်ပင်တွေ မစိုက်ပျိုးမိဖို့ 
ငါတို့ ဆုတောင်းခဲ့ကြတာပဲ
နေ၀င်သွားပြန်ပြီပေါ့ ဆုရီ ..။
ဟုတ်တယ်
လွန်ခဲ့တဲ့နှစ်ကာလက နွေရက်တွေမှာ
ငါတို့  ဘယ်လိုရှင်သန်လာသလဲ ငါမသိဘူး
အခြားသော ဖြစ်တည်မှုတွေစိုက်ပျိုးနေခဲ့လို့ ငါ့ကိုယ်ငါမသိဘူး
လွတ်လပ်ခြင်းဘောင်ထဲ တိတိကျကျလှောင်ပိတ်နေခဲ့ လို့ မသိဘူး
နင်သိထားတဲ့ အမှန်တရားဆိုတာလည်း ငါမသိဘူး
အဲ့ဒီအတွက်
နင်အားရပါးရ ရယ်ပါပေါ့ဆုရီ..။
နင်ဟာ
free style ၀တ်တက်တယ်
ဓါတ်ပုံရိုက်ရတာ ၀ါသနာပါတယ်
တစ်ခါတစ်ခါ အရှက်သည်းသည်း
ပြီးတော့
ဝမ်းနည်းစရာရှိရင် ၀မ်းနည်းမယ်
ကော်ဖီဆို ခါးခါးပဲသောက်တယ်
အကုန်လုံးပေါ့ ဆုရီရယ်
ငါ့သစ္စာတရားကလွဲရင်
အခြားအရာတွေအားလုံးကို
ငါသိနေခဲ့တာပေါ့..။
အရင်နှစ်တွေလိုပဲ
ကော်ဖီတွေပဲ ပိုသောက်ဖြစ်တယ်
၂ ကြိုးပြတ်နေတဲ့  ဂစ်တာပေါ်က ဖုန်တွေကိုငါမသုတ်ဖြစ်ဘူး
ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ် ဆိုတဲ့ကိုဇာသီချင်းနဲ
အတိတ်ကာလဟာ လှပလွန်းတယ်
ဟုတ်ပါတယ်ဆုရီ
ငါကိုယ်တိုင်ကကို မျက်ရည်လွယ်တာပါ..။
အဲ့ဒီလိုနဲ
ညနေခင်းနဲ့  အမှတ်တရများ
ငါ့အပေါ် ကျော်တက်သွားကြပုံကို
စိတ်အေးလက်အေး ထိုင်ကြည့်နေခဲ့တယ်
ခေါ်သံထူးသံတွေ ပျောက်ရှနေတဲ့အခါ
အမှန်တရားဟာ တကယ်ရောရှိနေပါ့မလား
ဒီတစ်ခါလည်း
သံသယတွေ မထုတ်ပိုးမိခဲ့ပြန်ဘူးဆုရီ ..။
(၂)
နင်သိရဲ့လား ဆုရီ
ငါ့တံခါးရွက်တွေကိုစေ့ထားတုန်းပဲ
အော်သံတွေ နီးသထက်နီးလာခဲ့တာ သေချာတယ်
နှစ်ကာလနဲ့ ချီပြီး ပျောက်ရှနေတဲ့ စိတ္တဇနာမ်များဟာ
လရောင် အမျှင်စတွေနဲ့  ရောထွေးလို့ 
ထမင်းဝိုင်းပေါ် လင်းတစ်လှည့် မှိတ်တစ်လှည့်
တယောသံတွေအလား
ချစ်ခြင်းဟာအိတွဲပြီး သိပ်ခါးနေတယ်..။
ထိတ်လန့် ကြောက်ရွံ့ နေသူ လိပ်ပြာတစ်ကောင်
အဆုံးမဲ့ လွတ်လပ်ခြင်းဘောင်ထဲ
ကျီးလန့် တစာ ပိတ်မိနေသလိုမျိုး
လောကဓံနဲ့  ချစ်ခြင်းဟာ
ပန်းတွေညွတ်နေအောင် ဖူးပွင့်နေတဲ့  ဒုက္ခသစ္စာ
ငါ့ကိုဖက်ထားပါ ငါသိပ်ကြောက်နေမိတယ်ဆုရီ..။
ငါ့ကိုနွေးထွေးစွာ ဖက်ထားပေးမှာမဟုတ်လား
ဇာတ်ဝင်ခန်းဟာ အသံမပေးဘဲတိတ်တဆိတ်လုပ်ကြံဖို့  ငါ့ဆီလာနေပြီ
ချုပ်ရာဗရပွနဲ့ နှင်းတွေအနီတရဲရဲတွေကြား
အချိန်ကာလဟာ လှုပ်မရတော့ဘူး
မသိတဲ့ မသိခြင်းတွေကိုပဲ
ငါသိပ်ကြောက်နေမိတယ်ီ ဆုရီ..။
အမှန်တရားငယ်ငယ်လေးက
အမှန်တရားအကြီးကြီးကို ကြောက်ရွံ့ ရတဲ့ လောကဓမ္မတာလို
ငါတိတိကျကျကို သွေးလန့် နေတယ်..။
အမှန်တရားဟာ လုပ်ယူလို့ ရတာပဲ
ငါတို့ ရပ်တည်ဖို့ တစ်စုံတစ်ခုထက်ပိုတဲ့ အရာတွေလိုအပ်လာတယ်
ချစ်ခြင်းမေတ္တာဆိုတာကိုကငါတို့ လုပ်ယူထားတဲ့  အမှန်တရားတစ်ခုမဟုတ်လား
ဆုတောင်းတွေ မှားမစိုက်မိပါစေနဲ့  ဆုရီ..။
ငါသိချင်မိတယ် ဆုရီ
ဘယ်လိုဖြစ်တည်မှုတွေနဲ့ များ
တစ်ခုသော အချိန်ကာလမှာလှလှပပ နင်ပွင့်အာခဲ့သလဲ
နာကျင်ကြေကွဲမှုဟာ သိပ်ကိုတရင်းတနီးဆန်လွန်းတယ်
မကြာမကြာပေါ့
ငါ့တို့ ကိုယ်ငါတို့  ပြန်ဖတ်ကြည့်ဖို့ 
့နွေးထွေးတဲ့ အသိစိတ်တစ်ခု သိသိသာသာလိုတယ်
(၃)
လူမှုကွန်ယက် ၊ တယ်လီဖုန်းနဲ
့Viber မက်ဆေ့ထဲက စီးဝင်လာတဲ့စကားလုံးတွေဟာ
နာကျင်စွာ တစစီဆုတ်ဖြဲထားလို့  အမွမွ
မပြောင်းလဲဘူး
စာသင်နှစ်တစ်ခုရဲ့ နံနက်ခင်းအပိုင်းအစတွေလိုပဲ
ဆွတ်ပျံ့ ကြည်နူးဖွယ်တွေ အခုထိပြန်ရုတ်ဖို့ မေ့နေသေးတယ်
ချောင်ပိတ်မိနေတဲ့ ခွေးတစ်ကောင်ရဲ့သိမှုတွေလို
ထုံကျင်နေတဲ့  စံနှုန်းအားလုံးဟာ
အလင်းနိယာမနဲ့  သုညသီဝရီဟာ
ချစ်ခြင်းမေတ္တာနဲ့  စာသင်နှစ်ဟာ
ငါတို့ အတွက် ဘာမှမဟုတ်ဘူး ။
ဒီလိုနဲ့ ပဲ
့နွေရောက်လာခဲ့ပြန်ပြီ
ငရဲသားတစ်ယောက်ရဲ့အလွမ်းမှာ
သံရေပူတွေလည်း ခမ်းနေခဲ့တယ် *
အချိန်ကာလနဲ့  သံယောဇဉ်ပဲ
စံပယ်ပန်းတွေအောက် ထိုးဖွက်လိုက်ရမလား
မေ့လျော့အောင် အားထုတ်မှုတစ်ခုနဲ့ 
ငါသတိရနေခဲ့ပါရဲ့ဆုရီ..။
တခုတ်တရ မွေးမြူထားတဲ့အနာတရတွေ
့အချိန်ကာလဟာ နာကျင်နေပြီ
တာဝန် လူမှုရေး စသည်ဖြင့်
ဘ၀ ဆိုတာရယ်ဟာ
အနက်အဓိပါယ်ခါးခါးကြီးနဲ့ မှလား
ငါ့ကိုလိမ်ပါဆုရီ
အနာတရတွေ အပြိုင်းပြိုင်းထနေတဲ့ 
ငါ့ဖြစ်တည်မှုတွေကို အားပါးတရလိမ်ပါ
နံရံ ၊ လက်တွေနဲ့ 
အလျှံတညီးညီး ၊ ပြီးတော့ အေးစက်
ငါဟာ
တောင်ပံမပါတဲ့  ငှက်တစ်ကောင်သာဖြစ်နေလိမ့်မယ်
ဒါမှမဟုတ်
လူသိရှင်ကြားကျကွဲထားတဲ့
သစ္စာတရားလည်းဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်..။
(၄)
ဘယ်အရာမှ ငါတို့ လိုသလောက်မရခဲ့ကြဘူး သေချာတယ်
ချစ်ကြင်နာမှု ငွေကြေး
ရှားပါးစက္ကန့် 
့နာနာကျင်ကျင်ဖြာကျနေတဲ့ လရောင်အဆုံး
ငါတို့ ဘာမှမရခဲ့ ကြဘူး
ငါတွေဝေမိပါရဲ့ ဆုရီ
ပြောင်းလဲခြင်းကတော့ သစ္စာရှိစွာ ပြောင်းလဲနေတယ်
ဟုတ်တယ်
ငါဟာချစ်ခြင်းနဲ့ မေတ္တာကိုလည်းတွေဝေနေတယ်
ဖြစ်တည်မှုနဲ့  ဖြစ်ထွန်းမှုကိုလည်းတွေဝေနေတယ်
Product နဲ့  process ကိုလည်းတွေဝေနေတယ်
တာဝန်ယူမှုနဲ့  တာဝန်ခံမှုကိုလည်းတွေဝေနေတယ်
အနုပညာနဲ့ အတ္တပစ္စည်းကိုလည်းတွေဝေနေတယ်
ဆုတ်ကိုင်မှုနဲ့ 
ဆုတ်ကိုင်မှုကို ဆန့် ကျင်တဲ့  ဆုတ်ကိုင်မှု
ငါ့တွေဝေမှုကိုပါ ငါတွေဝေနေတယ်..။
အမှန်တရားလို့ ပြောနေရသေးသရွေ့ 
ဒါဟာ အမှန်တရားဖြစ်မလာသေးဘူး
ငါတို့ သိမှုတွေမှားပွင့်လာသလား
အဲ့သလို နေ၀င်မှားဖြစ်ခဲ့တယ်ဆုရီ..။
(၅)
အရာအားလုံးဟာ အေးစက်ခဲ့
နွေးထွေးစွာ ၀ိရိယကင်းမဲ့ မှုမှာ
အိမ်မက်ဟာ မိသားစုလို
ထား..ရစ် ..ခဲ့ ..ပြန်..တာ..ပဲ
ပြန်မလာဘူး..။
နင့်အမှန်တရားကိုစိုက်ပျိုးဖို့ 
ငါ့ကို လိုလိုမလိုလို သတ်သွားပါ..။
လေတိုးသံတွေ
သာခွင့်မကြုံနိုင်တဲ့ လမင်းဟာ ရွှမ်းလဲ့လှပလို့ 
့ကော်ဖီတွေဖိတ်စင်နေတယ်
ငါမသုတ်ဖြစ်ဘူး
ဟုတ်တယ်
အမှားလုပ်သူတွေများလာတဲ့အခါ
ငါတို့ အမှန်တရားဟာ တိတိကျကျမှားလာကြမှာပဲ
နားလည်မှုနဲ့ လက်ခံမှုကို
ငါတို့ နေ့ စောပြီး နားလည်ခဲ့ တဲ့  အမှန်တရားဟာ မှားတယ်..။
အဲ့ဒီလို
ချစ်ခြင်းမေတ္တာဟာ
တစ်ခါတစ်ခါ
ကိုယ့်ကိုကိုယ်ပြန်လိမ်နေရသလိုမျိုး
လှပစွာ ကြည်နူးဖို့ ကောင်းတယ်ဆုရီ..။
ဥယျာဉ်မှားပြီးပွင့်လာခဲ့ တဲ့  ပန်းကလေးတွေရယ်
ဒဏ်ရာရယ် ညရယ်
ဘ၀ကို အပိုင်းလိုက်ဖြတ်ကြည့်နေတဲ့ 
သိမ်ငယ်မှုနာရီများရယ် ….
အခက်အခဲတွေကြားကပဲ
နှင်းဆီတွေ ဖြစ်သလိုဖူးပွင့်လာကြပါလိမ့်မယ်..။
ဓီရ်ခေတ်အိမ်
၂၉ မတ် ၂၀၁၄
* မိုးရေထဲမှာ ကျွတ်ကျနေခဲ့ တဲ့ ဖိနပ်လေး(မောင်မိုးမြင့်) ၏ စာသား