တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ်ဝေးသွားတယ်ဆိုတာ
တစ်ယောက်ကိုတစ်ယောက် စိတ်ထဲကနေ အပြန်အလှန်သတ်ပစ်လိုက်ကြခြင်းပဲ
တစ်ယောက်ပေးဖူးတဲ့ လက်ဆောင်ပစ္စည်းတွေကို တစ်ယောက်က ပြန်ပေးရုံနဲ့
ပေးခဲ့ပြီးသောဘ၀ရဲ့ အစိတ်အပိုင်းများကို ပြန်ရရှိကြမှာမဟုတ်တော့ဘူး
တစ်ယောက်ကို တစ်ယောက် လွမ်းဆွတ်သတိရတယ်ဆိုတဲ့အခိုက်အတန့်မှာ
တစ်ယောက် မရှိတဲ့ ခုံတန်းလေးမှာ တစ်ယောက်ထဲထိုင်နေတုန်း
မိုးသားတွေက လှလိုက်တာနော်လို့ တူနှစ်ကိုယ်ပြောခဲ့ဖူးတဲ့
မြင်ကွင်းထဲ
တစ်ကောင်ထဲ လွင့်ပျံလာတဲ့ ငှက်ကလေးကအစ
အရာရာဟာ တိုက်ဆိုင်စွာ ကျကွဲရတာပေါ့
တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုတာ
ဘယ်သူက ပန်းပွင့်ဖြစ်ပြီး ဘယ်သူက လိပ်ပြာဖြစ်တယ်
ဆိုတာမျိုးမဟုတ်ဘူးကွဲ့
ဒဏ်ရာက အရမ်းနာနေလား လို့ သူကမေးတဲ့အချိန်မှာ
ကိုယ့်ဘက်က အဲ့ဒါ ပန်းချီကား ပါလို့ ပြောရတာမျိုးပေါ့
တစ်ယောက်ကို တစ်ယောက် အနစ်နာခံတယ်ဆိုတာ
တစ်ယောက်မသိအောင် တစ်ယောက်က
အနာတရတွေအကုန်လုံးကို တစ်ယောက်တည်း သိုဝှက်ထားခြင်းဖြစ်ပြီး
ထိုသို့ သိုဝှက်မှုကိုလည်း ကိုယ့်ကိုကိုယ် အသိမပေးခြင်းဖြစ်တယ်
တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်စေချင်တယ်ဆိုရင်
တစ်ယောက်ရဲ့ ပျော်ရွှင်ရယ်မောမှုကြောင့်သာ
ကိုယ့်ဖြစ်တည်မှုတစ်ခုလုံးဟာ အဓိပ္ပာယ်ရှိလာတယ်လို့
ခံစားကြည့်ရမှာဖြစ်တယ်
တစ်ယောက်ကို တစ်ယောက်က လိုအပ်တယ်ဆိုတာကို
နှစ်ယောက်လုံးက သိရှိထားကြရမှာလည်းဖြစ်တယ်
တစ်ယောက်ကို တစ်ယောက်က သစ္စာရှိတယ်ဆိုတာ
အချိန်ကာလ နေရာဒေသအပိုင်းအခြားတွေမရှိသလို
ကိုယ့်ကိုကိုယ် ထပ်ဆင့်ပြီးတည်ဆောက်ယူရတဲ့
တန်ဖိုးတစ်ခုလည်းဖြစ်သေးတယ်
တစ်ယောက်ကို တစ်ယောက်က ထွေးဖက်ထားတဲ့အခါ
နှစ်ယောက်လုံးက နွေးထွေးတာမျိုးဖြစ်ပြီး
တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြရတဲ့အခါမှာတော့
နှစ်ယောက်လုံးက ချမ်းအေးနေတယ်လို့ ခံစားရမှာဖြစ်တယ်
တစ်ယောက်ကို တစ်ယောက်က မျှော်လင့်စောင့်စားရတယ်ဆိုတာ
ကမ္ဘာ့အခက်ခဲဆုံး ဆန်းသပ်မှု တစ်ခုကို ဖြေဆိုရသလိုမျိုးဖြစ်ပြီး
အများဆုံး ပြင်ဆင်ထားရတဲ့ အရာတစ်ခုလည်းဖြစ်တယ်
တစ်ယောက်ကို တစ်ယောက်က ချစ်ပြီး
တစ်ယောက်ကို တစ်ယောက်က မချစ်တဲ့အခါ
ချစ်တဲ့သူဘက်က ကိုယ့်ကိုမချစ်တဲ့သူကို ဆုံးရှုံးရခြင်းဖြစ်ပြီး
မချစ်တဲ့သူဘက်က ကိုယ့်ကို ချစ်တဲ့သူကို ဆုံးရှုံးရခြင်းဖြစ်တယ်
တစ်ယောက်ကို တစ်ယောက်က ယုံကြည်ခြင်းဆိုတာ
နှစ်ယောက်လုံးအတွက် စွမ်းအင်တစ်မျိုးဖြစ်ပြီး
တစ်ယောက်ရဲ့ ယုံကြည်မှုကို တစ်ယောက်က ဖောက်ဖျက်တယ်ဆိုတာ
ထိုစွမ်းအင်ကို အလွဲသုံးစား ပြုလုပ်ခြင်းပဲဖြစ်တယ်
တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ်ချစ်လျှက်နဲ့ ဝေးသွားရတဲ့အခါ
အလင်းဟာ နာကျင်စရာအဖြစ် ကမ္ဘာဆီလာလိမ့်မယ်
စိတ်အတွင်းသားတွေ အကြိမ်ကြိမ်သေဆုံးကြလိမ့်မယ်
ပြီးတော့ ...
ပန်းပွင့်တွေ လေပြေလေညှင်းတွေ ကမ္ဘာပေါ်က အချစ်သီချင်းလေးတွေ က အစ
ကြေကွဲစွာ ငိုနေလိမ့်မယ် ။
ရင်ခွင်ရှိန်း
0 comments:
Post a Comment