မပြည့်တဲ့ဆုတောင်းယူမလား
မှားတဲ့ဆုတောင်းယူမလား
ဘ၀မှာ
ရွေးချယ်ခွင့်ကအဲဒီလိုရှိတယ်။
မနက်နှစ်နာရီခွဲတိုင်း
အိမ်ပေါ်ကဖြတ်ပျံသွားတဲ့လေယာဉ်မှာ
နိုင်ငံခြား
အလှကုန်ကြော်ငြာရဲ့ဘေလ်ဘုတ်ပေါ်မှာ
ကိုယ့်ဖူးစာရှင်မပါဘူးလို့
ဘယ်သူပြောလဲ။
ဘယ်သူမှမပြောနဲ့။
ဟော်လူစီနေးရှင်းလို့လည်းမခေါ်နဲ့။
သူလိုကိုယ်လိုအတ္တနဲ့
ဘ၀မှာ
တာဝန်ကျေကျေချစ်ဖူးချင်တာတစ်ခုတည်းပါ။
ဒီလထဲ နယူးရော့ခ်မှာ
ရုပ်ရှင်ကျောင်းသွားတက်မလို့
မအိပ်ဘဲနဲ့လည်း
နေ့လည်ကသူငယ်ချင်းစကား
အားကျပြီး
ယောင်နေပြန်ပြီ။
စိတ်ကောင်းစေတနာတွေရောင်ပြန်ဟပ်ပြီ။
မေးလ်ဘောက်စ်ထဲမှာ
လှေကားတွေရောက်လာသလိုပါပဲ။
ကိုယ်ကတော့
ကိုယ့်စေတနာကို ကိုယ်ယုံတယ်။
ပြီးတော့
ကိုယ့်ခြေလှမ်းတွေကို ကိုယ်ယုံတယ်။
တစ်ချိန်မှာပြန်လည်ဂုဏ်ယူဖို့
ကိုယ်ယုံကြည်ရာအလုပ်ကိုလုပ်
ကိုယ်ဘာကောင်လည်းဆုံးဖြတ်ဖို့
အရေးကြီးတယ်
ဟုတ်တယ်ဟုတ်။
ဟုတ်တယ်
ခင်ဗျားပြောသလိုပါပဲဗျာ။
ကျောက်တုံးနဲ့လိပ်ပြာလေးများ
ခဏစောင့်ကြပါ။
လူသားအိနြေ္ဒအပြည့်နဲ့
ဘတ်စ်ကားတိုးမစီးဘဲလာခဲ့မယ်။
မြစ်အလယ်မှာ
ဘီယာသောက်ပါ။
ဓာတ်ပုံရိုက်ပေးဖို့လည်းမမေ့ပါစေနဲ့။
ငါ့ကိုစတဲ့
ဇင်မင်းထွန်းကိုဘလိတ်ဓားနဲ့ခြစ်လိုက်တယ်။
ဆရာမအမေသေလို့
တစ်ဆယ်အလှူငွေထည့်။
သူများတွေမမြင်အောင်
အကြီးဆုံးပန်းသီးကိုဖွားဖွားဖွက်ထားပေးပါ။
အကြောင်းအရာနဲ့
လူတွေပြောင်းသွားတာကလွဲရင်
ငယ်ငယ်က
စာအုပ်နောက်ဆုံးစာမျက်နှာမှာရေးတယ်
ကြီးလာတော့
ကွန်ပြူတာမျက်နှာပြင်ပေါ်တက်ရေးတယ်။
ဖရီကွမ်စီတူရင်
ပေါင်းမိလိမ့်မယ်ဆို
ညာပြောမိတာခွင့်လွှတ်ပါ
စရိတ်စကတွေများတယ်
ဖုန်းမဆက်နဲ့။
(မိုးသောက်ယံတွင်
ရေးချင်ရာရေးသည်။စောစောထသောတီကောင်အပေါင်းတို့ ငှက်ဘေးမှ ကင်းဝေးကြပါကုန်။)
စုစုလှိုင်