Pages
Subscribe:
Ads 468x60px
Tuesday, May 13, 2014
ထွက်ပေါက်ပိတ်နေတဲ့ ကစားပွဲမှာ နာကျင် အချိန်ပိုဟာ ကျိန်စာပဲ
စိတ်ကို စိတ်နဲ့ ညှို့မယ်
ကြည့်နေတဲ့ အကြည့်စူးစူးတွေအောက်မှာ ခုန်ဆင်းလို့
ရှင်တို့ သိမ်မွေ့တယ်ဆိုတာ
ကျမတို့ ရိုင်းသလောက်ပဲ ရှိတာပါ ရှင်ရယ်
ဘယ်လို ဘယ်ဈေးလည်း မမေးစမ်းနဲ့
ကာလပေါက်ဈေးဟာ
လျှာဖျားလေးပေါ်မှာပဲ ပြေးနေတာ
စေတနာသန့်သန့်နဲ့ဆိုလား
ဟာသပဲ
ဒီလိုစကားတွေ အပြင်ကမ္ဘာမှာပဲ ထားခဲ့စမ်းပါ
ကြားလား
နောက်ခံတီးလုံးလေးကိုက ယိမ်းယိမ်းနွဲ့နွဲ့လေး
နှုတ်ခမ်းချင်း မထိခင်
ဝတ်ကောင်းစားလှ ပကာသနတွေ အရင်ခွာချပစ်လိုက်
ခပ်မိုက်မိုက် ပုံစံသာ ဖမ်းလာတာ ရှင်က ဒါမျိုးကျ သိပ်ရိုးတာပဲ
ဝီစကီခွက်ပေါ်က နှုတ်ခမ်းနီရာလေးတွေ့လား
အဲဒီ့မှာ ကျွန်မ မာယာတွေ နည်းနည်းခပ်ထားတယ်
ဖင်ဆီခံနား ကပ်နေတဲ့ ဆေးလိပ်လေးကို
ကျမပါးစပ်နား တေ့ပေးထားစမ်းပါ
ဒီလိုအချိန်မျိုးမှာမှ ကျမ ကျပျောက်သွားတဲ့
သစ္စာတရားကို ရှင်မိအောင်မဖမ်းနိုင်ရင် ရှင်ဟာ လူညံ့ပဲ
နှိုက်နှိုက်ချွတ်ချွတ် မေးခွန်းတွေနဲ့
ညကို စဖွင့်မလို့လား
ဖြေရ ခက်လိုက်တာကွယ်
ကျမပစ်လိုက်တဲ့ မျက်စောင်းတွေ လိုက်ကောက်သိမ်းထား
တချိန်ချိန်တော့ ရှင့်အတွက် အသုံးဝင်မှာပါ
ဘ၀ကို ဘာနဲ့ပဲ ရောစပ်စပ်
အခါးဟာ သွေးသားထဲထိ စိမ့်ဝင်နေတဲ့ ပူလောင်မှုပဲ
ရှင်လည်း တည
ကျွန်မလည်း တခဏပါပဲ
ပုံပြင်တွေ သိပ်မပြောစမ်းနဲ့
အချစ်သီချင်းတွေ နားထဲ ဖြတ်ပြေးဝင်လာတယ်
(အသံကလည်း ဆိုးလိုက်တာ)
နာရီတွေ ခဏခဏ ကြည့်နေမဲ့ အစား
ကျွန်မကိုပဲ ဖက်ထားပေးပါလား
ရှင့်မျက်နှာပေါ်က ဆာလောင်မှုတွေ မမြင်ရလည်း အမြတ်ပေါ့ ။
လေထုထဲမှာ သက်ပြင်းတွေ ဖြည်းဖြည်းလေး တိုက်ခတ်လာတယ်
ခေါက်ရိုးကျိုးသိမ်မွေ့မှုတွေကို မီးရှို့ပစ်လိုက်တော့
ပြီးရင် ဖြာ/ပြာကျသွားတဲ့ ရယ်မောခြင်းတွေကို အငမ်းမရ လိုက်ရှာကြမယ်
ဒါ့ထက်
ရှင့် လက်သူကြွယ်က ရွှေရောင်တလက်လက်က မျက်စိထဲစူးလိုက်တာ
ပြန်မယ်ဆိုလည်း ပြန်တော့ပေါ့ကွယ်
ခုကျမှ ကျမ နာမည်သိချင်သတဲ့လား
ပြောပါတယ်
ရှင်က အထက်တန်းစား ယဉ်ကျေးမှုတွေနဲ့ ရောက်လာပြီး
ဒါမျိုးကျ သိပ်ရိုးအ ပါတယ်ဆို . . .
-ဇောက်ထိုး-
ဇန်နွာရီ ၃၀  
(ကိုယ့် ဘောင်နဲ့ ကိုယ် လွတ်လွတ်လပ်လပ် ရေးပါတယ်)
ညီမလေးဈေးကောင်းရပါစေ
Sorry ပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။
မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ ဈေးကွက်ဝင်ဖို့
ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။
Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး
နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း
အကြည့်တွေ ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။
Sorry ပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတစ်ပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတစ်နပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
ဈေးကွက်တင်ချေဦး ညီမလေး။
မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တစ်ခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တစ်ရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ ၊ ဆိုနီအဲရစ်ဆင် ၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။
ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး ၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး ၊
ဒီကောင်တွေဟာ နွားတွေ။
ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။
Sorry ပဲ ညီမလေး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။
အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တစ်ဖက်နိုင်ငံတွေကိုပေါ့)
( ... ) နိုင်ငံ ဆိုပြီးတော့လေ ...။
ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ ၊ မယ်ဆိုင်မှာ ၊ ဘီကေကေမှာ ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...အင်း ... . 
ဖဦးထုပ်တွေ ၊နငယ်တွေ ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။
တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ် ၊ တိုလီမိုလီ ၊ အချစ်ဇာတ်လမ်း ၊ ပေါသွပ် ၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။
(ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။
မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတစ်သပ်သပ် ၊ ပါးစပ်တစ်ပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။
မင်းတို့လေးတွေကို
နှုတ်ခမ်းတစ်လန် ပန်းတစ်လန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။
Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။
Sorry ပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တစ်ခုခုမှာ ကျွဲရိုင်းအချိုရည်
တစ်ခါသုံးဆပ်ပြာ ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။
အထည်ချုပ်တွေ ပိတ်တာ ...
ကုန်ဈေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ 
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။
မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတစ်ခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။
Sorry ပါ ညီမလေးရယ် ...
ကိုယ်ဘာမှ မတတ်နိုင်ဘူး
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တစ်ချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။
မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။
Sorry ပါ ညီမလေးတို့ရေ ...။            ။
မားဆိုး
Friday, May 9, 2014
''ကျွန်တော်က………………''
ကျွန်တော်ဟာ လူညံ့ပါ.. အလွမ်းတွေကို .. သိုလှောင်တတ်တဲ့ ကောင်ပါ ..
ကျွန်တော်ဟာ .. လူညံ့ပါ
နောက်ပြောင်တာကို အတည်ယူတတ်ပြီး .. အတည်ပြောတာကို .. ကျီစားတာ နေမှာလို့ သဘောထားတတ်တဲ့ ကောင်ပါ...
ကျွန်တော်ဟာ .. လူညံ့ပါ
တခါတလေကျ .. ဘဝကို အိတ်ကပ်ထဲ ထည့်ထားပြီး ကျပျောက်သွားသလို လိုက်ရှာတတ်တဲ့ ကောင်ပါ..
ကျွန်တော်ဟာ .. လူညံ့ပါ
ခွေးအ,ဟောင်တဲ့ ညမှောင်မှောင်မှာ .. ရင်ဘက်အပေါက်နဲ့ .. အိပ်မက်တွေ လိုက်ကောက်တတ်ပါတယ် ..
ကျွန်တော်ဟာ .. လူညံ့ပါ
မြတ်နိုးမှုကို သက်သေထူရင်းက ..
ချစ်သူရဲ့ အထင်လွဲမှုတွေ ဆက်တိုက်ဖြစ်စေခဲ့ပါတယ် ..
ကျွန်တော်ဟာ .. လူညံ့ပါ
ကိုယ့်ဘာသာကိုယ် သစ္စာဆိုရင်တောင်မှ လူတွေက .. သူတို့အတွက် ဟာသလို့ ထင်တတ်ကြတာပါ ..
ကျွန်တော်ဟာ ... လူညံ့ပါ
သူများတွေ တပ်မက်တဲ့ အခွင့်အလမ်းကိုမှ .. လက်နဲ့ပုတ်ချတတ်တဲ့ ကောင်ပါ..
ကျွန်တော်ဟာ .. လူညံ့ပါ ရေကြောင်းသိပ္ပံတက်ပြီး ဈေးရောင်းချင်တဲ့ ကောင်ပါ..
ကျွန်တော်ဟာ .. လူညံ့ပါ
လက်မ က ထောင်ပြီး
မျက်နှာ ကျ ရှက်နေတတ်ပါတယ် ..
ကျွန်တော်ဟာ .. လူညံ့ပါ
ချစ်သူကို စိတ်ရှုပ်အောင် .. စိတ်ပူတတ်တဲ့ ကောင်ပါ ..
ကျွန်တော်ဟာ .. လူညံ့ပါ
လူခြေတိတ်တဲ့ အချိန်မှာတောင်မှ တိုးတိုးလေး ကြေကွဲတတ်ပါတယ် ...
ကျွန်တော်ဟာ .. လူညံ့ပါ
ချစ်သူကို .. အပူတပြင်း ဂရုစိုက်တတ်ရုံ.. တစ်သက်စာ ချစ်မြတ်နိုးတတ်ရုံလောက်နဲ့ . ပြည့်စုံနေပြီထင်နေတာ ..
တကယ်တော့ .. ကျွန်တော်ဟာ .. လူညံ့ပါ သူမဘာကို လိုအပ်သလဲ ဆိုတာ .. ကျွန်တော် တကယ်မသိခဲ့ဘူး .. လေ
... .. .. ..
ဟုတ်ပါတယ် ... ခင်ဗျာ ကျွန်တော်ဟာ .. လူညံ့ပါ သို့တည်းမဟုတ် .. အရူးပါ ..
တခါတလေ .. ယဉ်ယဉ်ကျေးကျေး ရူးတတ်ပြီး .. တခါတလေ .. စိတ်လွတ်ကိုယ်လွတ် ရူးတတ်ပါတယ် ..
အရူးတောင်မှ အရူးပါး မဟုတ်ခဲ့ပါဘူး .....
Thursday, May 8, 2014
'ကိုယ် တောက်ခေါက်ထုတ်လိုက်တဲ့အလွမ်း'
အလွမ်းက ခါးသက်သက်ပေမဲ့
သတိရခြင်းက ရင်မောရပေမဲ့
တိတ်တော့လေ………
ပန်းတွေဝေရုံနဲ့
သူတို့ကြွေရမယ့်အချိန်ကို
ကြိုဝမ်းနည်းစရာမလိုဘူး
Honey………
ကိုယ့်ရဲ့ တစ်သီးပုဂ္ဂလ ကာရန်နဲ့
ကိုယ်ရဲ့ ခွာပါးပါး ဖိနပ်တစ်ဖက်နဲ့
ကိုယ့်ရဲ့ မရှိမဖြစ်လှော်တက်နဲ့
ဆည်းဆာကို
အကြိမ်ကြိမ် ကျော်ဖြတ်လာခဲ့တယ်
ဒါနဲ့လေ…
လွမ်းတဲ့အခါကျရင်
ကိုယ့်ဓာတ်ပုံကိုခပ်ဖွဖွလေးနမ်းပါ ……နော်
မင်းရဲ့ အိပ်ယာဝင်ပုံပြင်ထဲမှာ
ကိုယ့်အကြောင်းပါမယ်
ကိုယ့်ရဲ့ ဂယောက်ကယက်အိမ်မက်ထဲမှာ
မင်းအကြောင်းပါမယ်
တကယ်တော့လေ………
ရိုးသားစွာ ဖြစ်တည်လာမှုဟာ
လုပ်ယူခြင်းတွေ မပါတာ သေချာတယ်
အချစ်က မြတ်နိုးမှုလို့ အဓိပ္ပာယ်ဖွင့်မယ်
မင်းရဲ့နှုတ်ခမ်းတွေ ကွဲအက်နေတဲ့အခါ……
မင်းရဲ့လက်တွေ ကိုက်ခဲနေတဲ့အခါ……
အချိန်တွေ နေ့တွေ ရက်တွေ လတွေ
တိုက်စားခဲ့မှုပေါင်းများစွာကို ပြန်တွေးပါ
တခမ်းတနားမဟုတ်ပေမဲ့
တစ်ရံတည်းသော အနာဂတ်လေးကိုတွေးပါ
အိမ်ခန်းထဲက စာအုပ်စင်လေးကိုတွေးပါ
ပြီးတော့……
မင်းရဲ့ ………
ခွကျကျကပ်ပါးမလေးအကြောင်း တွေးပါ
ဆိုပါစို့………
စာရွက်အပြည့် မင်းနာမည်ရေးနေတဲ့အခါမျိုး
အလုပ်ကိုဘေးချိတ်ပြီး မင်းအကြောင်းတွေးနေတဲ့ အခါမျိုး
လွမ်းလွမ်းနဲ့ စိတ်ပေါက်ပေါက် သီချင်းအော်ဆိုတဲ့အခါမျိုး………
အဲ့ဒီ့အချိန်တွေ မြန်မြန်ကုန်အောင် ဘယ်နားသွားပစ်ရမလဲ Honey???
ဝေးနေတဲ့ အချိန်ခဏလေးမှာ
ခံပြင်းစိတ်နဲ့ တောက်ခေါက်လိုက်မိတာတောင်
'အလွမ်း 'လို့ အသံထွက်သွားတယ်…။ ။
စုန်း
Wednesday, May 7, 2014
သွက်သွက်လေးနဲ့အေးတဲ့ဇာတ်
သွေးတွေက
တစိမ့်စိမ့်နဲ့
အေးလည်းအေးတယ်
နွေးလည်းနွေးတယ်။
ဆီလိုအပေါက်ရှာတယ်လို့ ပြောပြော
ဟိုကယို ဒီကယိုပဲ ဆိုဆို
ခန္ဓာကိုယ် အနှံ့ကကို ထွက်နေတာ
တစိမ့်စိမ့်နဲ့။
ခင်ဗျားတို့မြင်နေကျ
ရေချိုးကန်ထဲမှာပဲ။
ဒါပေမယ့် ရေမရှိဘူး၊ ဟာတာတာကြီးရယ်။
ကိုယ်ရယ်၊ ကန်ရယ်၊ သွေးရယ်
ခုလောလောဆယ်။
အေးလိုက်တာ
သွေးအေးတယ်ဆိုတာလား
ပြီးတော့ အားမရှိတော့ဘူး
အနံ့မခံချင်တော့ဘူး
မလှုပ်နိုင်တော့ဘူး
မျက်တောင်မခတ်ချင်တာ့ဘူး
မျက်အိမ်က မကစားချင်တော့ဘူး
ဘာကိုမှ မမြင်ချင်တော့ဘူး
အသက်လည်း မရှုချင်တော့ဘူး
(ဒါပေမယ့် တခြားအသက်ရှုသံတွေ ငါကြားနေတယ်)
ပင်ပန်းနေပြီလား ဆိုတော့
ဟင့်အင်း မပင်ပန်းပါဘူး။
အို......
သွေးတွေက တစိမ့်စိမ့်နဲ့။
နောက်ခံသီချင်းလေးမှာ နည်းနည်းမျောသွားတယ်
ကိုယ်သေရတော့မယ်လေ
mood လေး သွင်းထား
မျက်ရည်လေးက တောက်ခနဲကျ
ပါးပေါ်က စီးကျ။
ဖြေး…..ဖြေး…………….ချင်း။
ဘယ်ဘက်မျက်လုံးက မျက်ရည်ကျရတာ ငါ့အတွက် ပိုလွယ်တယ်။
အဲ့ဒီဘက်က စီးကျလိုက်။
အင်း ဟုတ်တယ် အဲ့ဒီလို။
မျက်ရည်ဆိုတာ သွေးထွက်သလို ပန်းမထွက်ရဘူး။
မျက်လုံးနှစ်လုံးစလုံးက ထွက်ရတာဟာ
တစ်လုံးချင်းစီက ထွက်ရတာထက် ပိုခက်တယ်။
သွေးနဲ့ မျက်ရည်ရောလည်းပြီးရော
မျက်လုံးကို မှိတ်ချလိုက်တယ်။
သွေးတွေက တစိမ့်စိမ့်နဲ့
နောက်ခံ သီချင်းပြီးသွားပြီ။
ဒီအချိန်ကို ကိုယ်စောင့်နေရတာ။
ကိုယ့်ရဲ့ခေါင်းလေး ဘေးနားက တစ်ချက်စောင်းချလိုက်တယ်။
ကိုယ့်တာဝန်ပြီးဆုံးသွားသလိုမျိုးပေါ့။
အသက်အောင့်ရင်း အသံတစ်သံကိုစောင့်တယ်။
ကဒ် (ကပ်) တဲ့။
ဟုတ်ကဲ့
သိပ်တော်တာပဲလို့ ဘယ်သူမှ မပြောပါဘူး။
ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်တယ်။
ငါ သိပ်တော်တာပဲ။
ဒီအခန်းဟာ ရိုက်ဖူးသမျှ ဇာတ်ဝင်ခန်းတွေထဲမှာ
ငါ့အတွက် အသက်အ၀င်ဆုံး။
သွေးနဲ့ အအေးပတ်တော့မယ်လို့
ဘေးနားက အစ်ကိုကြီးက လှမ်းစတယ်။
ကိုယ်ပေါ်က သွေးအတုတွေ သုတ်လိုက်ရင်း ပြုံးမိလိုက်တယ်။
အို သွေးတွေက ကပ်စီးစီးနဲ့။
မေသော်
(၇.၅.၁၄)
Sunday, April 27, 2014
နှိုးစက်
စစ်ကြေငြာခဲ.ပေမဲ. ဘာမှအဆင်သင်.မဖြစ်ခဲ.သူပါကွယ်။
ကူးလည်းမကူးနိုင်တော.ပါဘူး။
မင်းဝင်္ကပါထဲမှာ အလဲလဲအကွဲကွဲနဲ. ငါအေးခဲနေပါပြီ
တိုက်စစ်တွေပြန်ရုပ်သိမ်း
ခံစစ်နဲ.လည်းမထိန်းတော.ပါဘူး။
နောက်တစ်ဘ၀စာငါတို.တိမ်းရဦးမှာလား။
................. ရေ
ငါ.အတွက်ခေါင်းစဉ်နဲ.စာသား
မင်းရင်ထဲကအရှိတရားနဲ.ပဲရေးပေးပါ။
မင်းကိုငါ.စိတ်ထဲကထုတ်လိုက်ဆိုတဲ. အမိန်.ကလွဲလို.ကျန်တာအကုန်ချ
ငါမှုန်နေအောင်ခေါင်းညိမ်.ပြမယ်။
တစ်ယောက်တစ်ဝက်လဲမခွဲပါရစေနဲ.
တစ်ဘ၀စီလဲ မဆွဲဖြဲပါနဲ.
Tear (တဲရ်)ဆိုတာအဓိပါယ်နှစ်မျိုးထွက်တယ်လေ။
တော်ကြာ မထွေးနိုင် မအန်နိုင်နဲ.
အပြီးတိုင်ယိုင်လဲ
ငါ.အိပ်မက်တွေကျကွဲကုန်မှဖြင်.ကွယ်။
ငါလေ အချစ်ငွေ.ငွေ.နဲ. အသက်ငင်နေရတဲ.အဖြစ် သေမလောက်ညစ်တယ်။
မင်းနဲ.ငါရှေ.လျှောက် ဆက်လက်တောက်ပကြမယ်မဟုတ်လား။
ငါ.ကိုနှိုးတာ နှိုးစက်မဟုတ်ပါဘူး။
မင်းနဲ.ငါရဲ.သိုဝှက်မြိုသိပ်ခြင်းပြင်းတဲ. မနက်ခင်းတွေပါ။
သံယောဇဉ်ဟာ အချစ်ထက်ဖိအားကိုမြင်.တက်စေပါလိမ်.မယ်။
(ငါ.မနက်ခင်းတွေမှာလေ)
မင်းနှစ်ခြိုက်စွာအိပ်ပျော်ပါစေကွယ်။
စုစုလှိုင်
မိရွှေပိုသို့အယူခံ
အလင်းတစ်မှုန်တစ်လေ ထွန်းညှိမိတာနဲ့ပဲ
ပြာကျတဲ့အထိ လောင်တိုက်သွင်းပစ်ဖို့ မလိုပါဘူး မိရွှေပို
အကြိမ်ကြိမ် ကြက်ခြေခတ်ခံရတဲ. ညီမျှခြင်းတွေနောက်မှာ
ငါ ဘယ်လောက် ခဲခဲယဉ်းယဉ်း ပြုံးရတယ်ဆိုတာ
နင် အသိဆုံးနေမှာပါ
ငါ့နှလုံးခုန်သံဟာ နင့်အတွက်
မခံရပ်နိုင်စရာ ဘာသာစကားဖြစ်ခဲ့သလား မိရွှေပို
အဲဒီအတွက် တောင်းပန်ပါတယ်…
တောင်းပန်ပါတယ်ဆိုတဲ့ စကားအပြင်
တခြားဘာမှ ပြောစရာ မရှိတဲ့အတွက်လည်း
နောက်တစ်ကြိမ်ထပ် တောင်းပန်ပါတယ်
နားလည်စမ်းပါ မိရွှေပို
မျှော်လင့်ခြင်းဆိုတာ ယဉ်ကျေးမှုခေါင်းစဉ်တစ်ခုအောက်က
ခမ်းခမ်းနားနား လက်ဖြန်.တောင်းခံတတ်ကြတာမျိုး ....
ငါ့အတွက်မှ ရာဇ၀တ်မှုမြောက်နေမယ်ဆိုရင်
ဘယ်လောက် တစ်ဖက်သတ်ဆန်လိုက်မလဲ
ဘယ်လောက် တစ်ဖက်သတ်ဆန်လိုက်မလဲ.....
အတူငြင်းခုံရင်းက မတော်တဆ စွန်းထင်းခဲ့တဲ့
ညနေခင်းကင်ဆာတွေပါပဲ မိရွှေပို
ဘယ်လို ဆေးမြီးတိုနဲ.မှ မပျောက်တဲ့အတူတူ
လူတွေ.တိုင်းညည်းပြနေမိတာတော့
တစ်ဆိတ် ခွင့်လွှတ်ပါ
အဲဒီလို
ဖြတ်သွားဖြတ်လာ သံယောဇဉ်မျိုးနဲ.တော့
မစို့မပို့ မသနားပြစမ်းပါနဲ. မိရွှေပို
နင်ပြောသလို ကိုယ့်ကိုယ်ကို နှိပ်စက်ချင်တဲ့ကောင်မို့
မှောင်သင့်တာထက် ပိုမှောင်တာ ဘာမှ မဆန်းဘူး
ဒါပေမယ့်  မိရွှေပိုရယ်..
ဒါပေမယ့်
......... ....... .........
စည်သူအောင်
Monday, April 21, 2014
ရင်ဘတ်ထဲမှာ စက္ကူနဲ့လုပ်ထားတဲ့ပန်းကလေး တပွင့်ရှိတယ် -
ကိုယ် စိတ်ပျော်နေရင် ကိုယ့်ရဲ့ စက္ကူပန်းကလေးက အရေင်လှလှလေးတွေ ပြောင်းနေလိမ့်မယ်
ကိုယ့် အပြုံးတွေကိုကြည့်ပြီး ကိုယ့် စက္ကူပန်းလေးဟာ ရင်ဘတ်ထဲမှာ
လွင့်ချင်တိုင်း လွင့်နေတယ်
တခါတလေ ကိုယ့်ပျော်ရွှင်မှုဟာ ပန်းကေလးကို လှပစေလို့
တခါတလေ ပန်းကလေးရဲ့ ရနံ့ကို ရှူရှိုက်ပြီး ကိုယ့်မှာ လန်းဆန်းခဲ့ရတယ်။
တကယ်တော့ ကိုယ့်ရဲ့ စက္ကူပန်းလေးဟာ ကိုယ့်ရဲ့ အသက်ဆိုလည်း ဟုတ်တယ်။
ကိုယ် အိပ်ပျက်တဲ့ညတွေဆို
သူ့မှာ အရောင်တွေ ဖျော့လို့
သူ စိတ်ညစ်တဲ့ အခါ ကိုယ်ဟာ အရာအားလုံးကို မေ့ထားပစ်နိုင်ခဲ့တယ်။
ကိုယ်မှာ သူ့ရဲ့စိတ်နဲ့
သူ့ခမျာ ကိုယ့်ရဲ့စိတ်နဲ့
ကိုယ့်ရင်ဘတ်ထဲက စက္ကူပန်းပွင့်လေးဟာ ကိုယ့်ရူးသွပ်မှု တခု ဖြစ်လာခဲ့တယ်။
ဒီလိုနဲ့
ရက်စွဲတွေ တရက်ပြီးတရက် ကုန်လွန်လာခဲ့ ကိုယ်ရော ကိုယ့်စက္ကူပန်းပွင့်လေးပါ အိပ်မက်နယ်မြေထဲမှာ
ကိုယ်စီကိုယ်ငှ ပျော်ကြ ရွှင်ကြပေါ့။
ဖြစ်တည်မှုတွေ ပျက်ကျသွားတဲ့အခါ ဖြစ်ပျက်မှုတွေ စတင်တည်မြဲလာခဲ့ ... လောကဟာ ၀ှက်ထားတဲ့ ဖဲချပ်တွေကို လိုအပ်မှ ထုတ်ပြတတ်တယ်
အဲ့ဒီနေ့က ကိုယ့်ရင်ဘတ်ထဲက စက္ကူပန်းပွင့်လေးက
သူဟာ
စက္ကူပန်းပွင့်လေး မဖြစ်ချင်တော့တဲ့ အကြောင်း ကိုယ့်ဆီမှာ ခွင့်လာတောင်းတယ် ။
ဘယ်လို ခံနိုင်ရည်မျိုးနဲ့ ကိုယ့်မှာ ခေါင်းညိတ်ပြရမလဲ၊ ကိုယ့်ရဲ့ရှင်သန်ရာကြိုးလေးက
ကိုယ့်ကို လာဖြတ်ချတော့မယ်၊
တကယ်တော့ ကိုယ်ဟာလည်း သံပတ်ပေးခံထားရတဲ့ သံပတ်ရုပ်ကလေးဖြစ်ကြောင်း
ဘယ်လို အင်အားမျိုးသုံးပြီး သူ့ကိုပြောပြရမလဲ ကိုယ့် ယုံကြည်မှုဟာ ဘ၀တခုလုံးစာ လွတ်ကျသွားတယ်
ကိုယ့်ကမ္ဘာငယ်လေး တခုလုံး ပြိုကျသွားတယ်။
ဒီလိုနဲ့
ကိုယ့်စိတ်ရူးသွပ်မှုတွေ အဆုံးရောက်သွားခဲ့
ကိုယ့်စိတ်တည်မြဲခြင်းတွေ ကျပျောက်သွားခဲ့ ကိုယ့်စိတ်ထိန်းချုပ်အားတွေ ကွာကျသွားခဲ့ ကိုယ့်စိတ်အစိုင်အခဲတွေ ပြုတ်ထွက်သွားခဲ့ ကိုယ့်စိတ်ဒဏ်ရာတွေ တက်တူးဖြစ်သွားခဲ့
ကိုယ်နဲ့ ကိုယ့် စက္ကူပန်းပွင့်လေး တရားဝင် ဝေးသွားခဲ့
ကြိုးပြတ်သွားတဲ့ ရုပ်သေးရုပ်ကလေးလိုမျိုး ကိုယ်လည်း အရုပ်ကြိုးပြတ် လွတ်ကျသွားခဲ့တယ်။
အဲ့ဒီနေ့က ကိုယ့်စက္ကူပန်းလေး
ရိုးတံ တလျှောက် သွေးစက်တွေနဲ့ ပြည့်လို့ ကိုယ့်ရင်ဘတ်ထဲက စက္ကူပန်းလေး
ကိုယ့် အ ဝေး ကို တိတ် တိတ် လေး ပြေး ထွက် သွား ခဲ့ တယ် ။
- ဇောက်ထိုး -=၂၆ မတ်၂၀၁၄ ၊ ၂၃း ၃၀ =
Action = Reaction
မထင်မှတ်တာတွေ ဖြစ်လာတဲ့အခါ ဝမ်းမနည်းပါနဲ့
ကြိုးတစ်ချောင်းယူပြီး ပန်းထိုင်သ်ီနေလိုက်ပါ ဟန်နီ
ဆက်ထုံးတွေ တွေ့လာခဲ့ရင်လည်း ဖြေးဖြေးချင်းလေး ဖွဖွလေးသာ ဖြည်ပါ အနာတရတွေပေါ်
ဒဏ်ရာထပ်ရသွားမှာ စိုးရိမ်လို့ပါ
နေလောင်ရင့်လာတဲ့ သံသယတွေက စကားလုံးတွေအပေါ် အယုံအကြည်မရှိချင်တော့ဘူးလေ ဇာတ်သိမ်းဟာ ပျော်စရာနဲ့အဆုံးမသတ်တာကလွဲပြီး ကျန်တာအဆင်ပြေမှာပါ (အဆင်ပြေအောင်နေနိုင်မှာပါ) ကိုယ့်ကိုသတိရလာရင် ဟာသတွေတွေးပါ ဖုန်းကိုခပ်ဝေးဝေးမှာထားပြီး အိပ်ရေးဝအောင်ပြန်အိပ်ပါ
လက်သည်းပေါ်က လက်သည်းနီတွေကို ဖျက်ဆေးနဲ့ဖျက်ပစ်လိုက်ပါ
ကိုယ့်အကြောင်း ရေးထားတဲ့ဒိုင်ယာရီကို လွှင့်ပစ်လိုက်ပါ
နှုတ်ဆက်ချိန်မှာ ပြောသွားတဲ့စကားလေးလုံးကို
နှုတ်ဖျားက တဖွဖွရွတ်မနေပါနဲ့
တစ်နေ့တစ်နေ့ ကော်ဖီတွေအများကြီးမသောက်ပါနဲ့ အပြင်ထွက်ရင်
ထီးတစ်လက်ကိုမဖြစ်မနေဆောင်ပါ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့တွေ့ပါ
အားရပါးရ ရင်ဖွင့်ပါ
ပြီးရင် အားရပါးရ ရယ်မောလိုက်ပါ
K-pop သီချင်းတွေဖွင့်ပြီး
ပေါ့ပါးသွားအောင် က ပါ ဆံပင်ခဏခဏညှပ်ပါ ဘောင်းဘီတိုလေးတွေကို လွတ်လွတ်လပ်လပ်ဝတ်ပါ
ကိုယ် အရမ်းလွမ်းလို့ ဖုန်းဆက်လာတဲ့အခါ အနိုင်ရသူတစ်ယောက်လို
စကားလုံးတွေနဲ့ ကိုယ့်ကိုခုတ်ချပစ်ပါ အပြင်မှာတွေ့ဖြစ်တဲ့အခါ အပြုံးလှလှလေးနဲ့ ကိုယ့်ကိုထွေးချလိုက်ပါ
ကိုယ် တစ်ခုခုဖြစ်သွားအောင် ဘာမှမဖြစ်ခဲ့သလိုမျိုးနဲ့ မေ့ပျောက်ပစ်လိုက်ပါ…
ခင်ဂျူး
'' မထွက်တဲ့မြည်သံဟာ အရိုင်းတစ်ကောင်လို အခန်းနံပါတ်404 မှာ…''
ခင်ဗျားဟာ ကိုယ့်ဒုက္ခပိုးကို ဆေးထိုးမွေးမြူနေသူပဲ မစ္စ ဝံပုလွေ
အက်စစ်နဲ့ဆေးချရင်တောင်မှ ခင်ဗျားအသွေးအသားတွေ သန့်စင်မလာနိုင်တော့တာ သိသိရက် ဒီလမ်းကို တမင်ရွေးချယ်လိုက်တာလား
ခင်ဗျားဟာ မိန်းမပျက်ပဲ
ဒီ့ထက်ပိုသင့်တော်တဲ့ တံဆိပ်ကလွဲပြီး ခင်ဗျားအရေပြားပေါ်မှာ ကပ်ဖို့ နာမည်မရှိဘူး
ချစ်ရည်လူးတဲ့ ဇာတ်ရုပ်က
ခင်ဗျားအသိဆုံး မျက်လှည့်ပြကွက်ပဲလေ
ခင်ဗျားရဲ့အမြီးချွန်ချွန်တွေ၊ ခင်ဗျားးရဲ့နှုတ်သီးချွန်ချွန်တွေ၊ ခင်ဗျားရဲ့လက်သည်းချွန်ချွန်တွေမှာ မှန်းထားတာထက်
လိင်စိတ်အသားစိုင်ကြီးက ပိုလွန်ကြူးနေတာကို ခင်ဗျားက ပိုသဘောကျတယ်
ကိလေသာဆန်တဲ့နှုတ်ခမ်းတွေက သက်တန့်တစ်စင်းလို မြှူဆွယ်တဲ့အပြုံးနဲ့ နေပူဆာလှုံနေတဲ့တောင်ကုန်းလေးအတိုင်း
စိတ်ထဲက ကလော်ထုတ်လို့မရတဲ့ အကြီးမားဆုံးကာမအပြုံးက ခင်ဗျားရဲ့နှုတ်ခမ်းပေါ်မှာ ခပ်တည်တည်
လည်ပင်းက မာကင်ရာတွေကို မြင်ရုံနဲ့ ခင်ဗျားရင်သားဖွေးဖွေးထဲ ဝင်အိပ်လိုက်ချင်စိတ်တွေက ဒလေဟာပစ်မှားပြီးသွား ဖြစ်ပြီးသား
အဲ့လောက်ထိ ခင်ဗျားဟာ Sexy ကျတဲ့ ဂျစ်ကန်ကန် မိန်းမ၊
ခင်ဗျားကို ဘုရားလို ကိုးကွယ်သူတွေ မနည်းဘူး
အခုတော့ ကြည့်စမ်း
ခင်ဗျား တစ်ကိုယ်ရေအာသာမဖြေနိုင်တာ ဘယ်နှစ်လရှိနေပြီလဲ
အခန်းတစ်ခုထဲဝင်ဖို့
အပျိုစင်တစ်ယောက်လို
ရှက်ရွံ့ ကြောက်ဒူးတုန်ပြနေတာ
ခင်ဗျားရဲ့ရှည်လျားတဲ့မျက်ဝန်းတွေကို
ခြုံနေကျ ည၀တ်အင်္ကျီလို ချွတ်ကြည့်လိုက်
အကြည့်တွေထဲမှာ
ခင်ဗျားရဲ့ လော်မာစိတ်တွေ လျော့ပါးသွားပုံက ဟားဟား
ခင်ဗျားဟာ တကယ်ရယ်ရတဲ့ပြက်လုံးပဲ
ခင်ဗျား တမ်းတမ်းစွဲတဲ့ တပ်မက်ခြင်းဟာ အရေခွံမလဲရသေးတဲ့ မြွေဟောက်ပါးပျဉ်းလို ခင်ဗျားအတွက် အဆိပ်အတောက်မဖြစ်နိုင်တော့ဘူး
သိလား
ခင်ဗျားပိုင်ဆိုင်ထားတဲ့အကြောင်းတရားက ခင်ဗျားကိုကြိုးမိန့်ပေးထားတဲ့ဓားသွားပဲ ခင်ဗျားသွေးကြောကို ကိုက်ဖြတ်မဲ့ မိစ္ဆာပဲ
ချစ်ခြင်းမေတ္တာအကြောင်း လာမပြောစမ်းနဲ့ ခင်ဗျားခန္ဓာကိုယ်ကို မီးပုံရှို့မိလိမ့်မယ်
သွေးသားတပ်မက်မှု ၊အမူးယစ်ဆုံးငွေသား၊ ဖြူဖွေးတဲ့ရင်သားကလွဲပြီး ခင်ဗျားအလိုကျခုန်ချစရာချောက် မရှိဘူး
ထမ်းပိုးထားရတဲ့ အလေးအလံဟာ
ခင်ဗျားရဲ့ ဓမ္မတာကိုတောင် ရိုက်ချိုးလိုက်နိုင်ပြီ
မှားတယ် အဲ့ဒါ ခင်ဗျားမှားတာ
တစ်နေ့ထက်တစ်နေ့ သူ့ပိုင်နက်ဟာ ခင်ဗျားခန္ဓာကိုယ်ပေါ်မှာ စိတ်တိုင်းကျထွားကြိုင်းလာတာကို ခင်ဗျားက ပျော်လား
ခင်ဗျားရဲ့ ထကြွစိတ်ကို မေ့လျော့ချုပ်တည်းထားရတာ ပျော်လား
တစ်နေ့ပြီး နောက် တစ်နေ့၊
တစ်လပြီး နောက် တစ်လ
ခဗင်ျား လက်တွေ ဖောရောင်လာတာဟာ အဆိပ်သင့်တဲ့ပြဿနာပဲ
မပြုံးပြနဲ့ မပြုံးနဲ့ အထိုင်အထ
အစားအသောက် အအိပ်အစက်တွေဟာ သူ့အတွက် ခဗင်ျားရှောင်ရှားပေးနေရတဲ့ ဆေးလိပ်ငွေ့တွေပဲ
စက္ကန့်တွေကို အခုမှ တစ်ချက်ချင်း တစ်ချက်ချင်း ရေတွက်ပြီးပျော်မနေနဲ့
ခင်ဗျား မဖျက်ချနိုင်တဲ့ အပျက်အစီးက
ခင်ဗျား ဗိုက်ဖောင်းဖောင်းထဲမှာ
ချွေးတွေသံတွေနဲ့အော်ဟစ်သံ၊ ကျစ်ကျစ်ဆုပ်ထားတဲ့ လက်သီးနဲ့၊ သေခြင်းတရားနဲ့လိင်ဆက်ဆံဖို့ကလွဲပြီး တခြားပေါ်ခင်ဗျားအာရုံမရမိတော့ဘူး
အေမှာင်...............
ဒီမှာ ခင်ဗျားနဲ့ အသွေးတူအသားတူ သတ္တဝါတစ်ကောင်
အဖေလို့ခေါ်စရာမရှိတဲ့ (မိန်းမပျက်တစ်ယောက်ရဲ့)သွေးသား
သတိရရချင်း
ခင်ဗျားရဲ့ရင်သားတွေက ခင်ဗျားရဲ့ ရင်သွေးအတွက် အလုပ်လုပ်ရတော့မယ် ဆိုတော့
ဂုဏ်ပြုပါတယ် မစ္စဝံပုလွေ ... အမေတစ်ယောက်ဖြစ်ချင်တဲ့ ခင်ဗျားရဲ့ဆန္ဒအတွ က်
ဒါနဲ့ စကားမစပ်
ခင်ဗျားမျက်ဝန်းတွေ နူးညံ့နေတာဟာ မိခင်ဆန်မှု့တစ်ခုပဲ...။
ခင်ဂျူး
Friday, April 18, 2014
** ပြိုင်မျဉ်း **
သူ့အတွက် ညက
ငါ့အတွက် မနက် ဖြစ်တယ်
သူမိုးမှောင်ကျနေချိန်တောင်
ငါ့အတွက် အမှောင်ကလင်းလွန်း…
ငါက ဝိုင်းစက်စက် သုညဆိုရင်
သူက ကောင်းကင်က လ
အရင်းအနှီးမပါတဲ့ ငါ့ဘဝနဲ့
ဆုတ်လိုက်ဆန်းလိုက် သူ့သဘာဝ……
ငါက တောင်အောက်ကလူဖြစ်ပြီး
သူက တောင်ထိပ်ကလူဖြစ်တယ်
သူက ကိုယ့်ထက်နိမ့်တဲ့သူကို
ငုံ့ကြည့်တတ်သလို……
ငါက ကိုယ့်အထက်ကလူကို ငေးမော
ငါ့အတွက်က အချစ်ဆိုတာကို
နှလုံးသားနဲ့ကြည့်ပေမယ့်
သူအတွက်က အချစ်ဆိုတာကို
မျက်စိနဲ့ကြည့်တယ်
ဒီလိုနဲ့ပေါ့လေ……
ဒီလိုနဲ့…………………
ငါတို့ရဲ့ လက်ဖြစ်လှေကလေးကို
ခြားနားခြင်းတွေကြား နှစ်လိုက်ကြတာ……
ပြောပါ !
မျဉ်းပြိုင်တွေ အတိအကျဆုံနိုင်မယ့်နေရာ… ။
__________ စုန်းမ
ဆူဒိုကု
တိုင်ကိုးတိုင်
တန်းကိုးတန်း
ဒါပေမဲ့
တစ်ကြိမ်မှာ ဂဏန်းတစ်လုံးသာ
တစ်ချို့က လက်တည့်စမ်းကြ
တစ်ချို့က ဖြည့်ချင်ရာဖြည့်ကြ
တစ်ချို့က လက်လျော့ကြ
ငါတို့တွေကတော့
ရည်ရွယ်ချက်နဲ့တမြည့်မြည့်ကစားနေတုန်း
မှားတယ်
ထပ်မှားတယ်
အမှန်ပြန်ဖြည့်တယ်
ကွက်လပ်တစ်ခုပြည့်တိုင်းမှာ
ပြည့်စုံခြင်း ရဲ့ အဆီအနှစ်တွေ…………။
'' နေပျော်သော ''
ငါက
အနောက်ကို ပြန်လှည့်
အရှေ့စူးစူးဆီ ငေးကြည့်ရင်းနဲ့………………
ဘဝဟာ ခက်သယောင်ယောင်ရှိပေမဲ့
သက်ပြင်းချတာရယ် အော်ငိုတာရယ်
ရယ်မောတာရယ်
တကယ်တော့…………
ပေါ့ပေါ့နေ ပေါ့ပေါ့စား
ငါ(တို့) အတွက် 'လွယ်' တယ်
အစကတော့
ရွှေနဲ့ကွင်းဖို့ ကြိုးစားခဲ့ကြတာပဲ
အဆုံးကျတော့
ကြေးနဲ့ပဲ ကွပ်လိုက်ကြတယ်
မယုံမရှိကြနဲ့
ငါ(တို့)က စွန်လိုက်ဖို့ထက်
စွန်လွှတ်နေကြသူတွေ
သိုးမည်းက သိုးမည်းပါပဲ
ငါ(တို့) ဘယ်တော့မှ ဆေးမဆိုးကြဘူး
သန်းခေါင်ပျောက်ပြီးရင် မိုးသောက်လိမ့်မယ်
တနင်္ဂနွေပြီးရင် တနင်္လာ ရောက်လိမ့်မယ်
သင်္ချာမတတ်ပေမဲ့လည်း သုညတွေရှိနေလိမ့်ဦးမယ်
ဘုရားရှိခိုးရင်း
ငါ(တို့)…………
နေပျော်ကြတယ်…………
အပျော်အပါးလိုက်စားရင်း
ငါ(တို့)…………
နေပျော်ကြတယ်………
ကရုဏာထားရင်း
ငါ(တို့)…………
နေပျော်ကြတယ်………
တစ်ကိုယ်ကောင်းဆန်ရင်း
ငါ(တို့)…………
နေပျော်ကြတယ်……………
ကဗျာရေးရင်းနဲ့လည်း………
ငါ(တို့)…………
နေပျော်ကြပါတယ်…………။ ။
Monday, April 7, 2014
တစ်ယောက်ကို တစ်ယောက်က
တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ်ဝေးသွားတယ်ဆိုတာ
တစ်ယောက်ကိုတစ်ယောက် စိတ်ထဲကနေ အပြန်အလှန်သတ်ပစ်လိုက်ကြခြင်းပဲ
တစ်ယောက်ပေးဖူးတဲ့ လက်ဆောင်ပစ္စည်းတွေကို တစ်ယောက်က ပြန်ပေးရုံနဲ့
ပေးခဲ့ပြီးသောဘ၀ရဲ့ အစိတ်အပိုင်းများကို ပြန်ရရှိကြမှာမဟုတ်တော့ဘူး
တစ်ယောက်ကို တစ်ယောက် လွမ်းဆွတ်သတိရတယ်ဆိုတဲ့အခိုက်အတန့်မှာ
တစ်ယောက် မရှိတဲ့ ခုံတန်းလေးမှာ တစ်ယောက်ထဲထိုင်နေတုန်း
မိုးသားတွေက လှလိုက်တာနော်လို့ တူနှစ်ကိုယ်ပြောခဲ့ဖူးတဲ့ မြင်ကွင်းထဲ
တစ်ကောင်ထဲ လွင့်ပျံလာတဲ့ ငှက်ကလေးကအစ
အရာရာဟာ တိုက်ဆိုင်စွာ ကျကွဲရတာပေါ့
တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုတာ
ဘယ်သူက ပန်းပွင့်ဖြစ်ပြီး ဘယ်သူက လိပ်ပြာဖြစ်တယ် ဆိုတာမျိုးမဟုတ်ဘူးကွဲ့
ဒဏ်ရာက အရမ်းနာနေလား လို့ သူကမေးတဲ့အချိန်မှာ
ကိုယ့်ဘက်က အဲ့ဒါ ပန်းချီကား ပါလို့ ပြောရတာမျိုးပေါ့
တစ်ယောက်ကို တစ်ယောက် အနစ်နာခံတယ်ဆိုတာ
တစ်ယောက်မသိအောင် တစ်ယောက်က
အနာတရတွေအကုန်လုံးကို တစ်ယောက်တည်း သိုဝှက်ထားခြင်းဖြစ်ပြီး
ထိုသို့ သိုဝှက်မှုကိုလည်း ကိုယ့်ကိုကိုယ် အသိမပေးခြင်းဖြစ်တယ်
တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်စေချင်တယ်ဆိုရင်
တစ်ယောက်ရဲ့ ပျော်ရွှင်ရယ်မောမှုကြောင့်သာ
ကိုယ့်ဖြစ်တည်မှုတစ်ခုလုံးဟာ အဓိပ္ပာယ်ရှိလာတယ်လို့ ခံစားကြည့်ရမှာဖြစ်တယ်
တစ်ယောက်ကို တစ်ယောက်က လိုအပ်တယ်ဆိုတာကို
နှစ်ယောက်လုံးက သိရှိထားကြရမှာလည်းဖြစ်တယ်
တစ်ယောက်ကို တစ်ယောက်က သစ္စာရှိတယ်ဆိုတာ
အချိန်ကာလ နေရာဒေသအပိုင်းအခြားတွေမရှိသလို
ကိုယ့်ကိုကိုယ် ထပ်ဆင့်ပြီးတည်ဆောက်ယူရတဲ့ တန်ဖိုးတစ်ခုလည်းဖြစ်သေးတယ်
တစ်ယောက်ကို တစ်ယောက်က ထွေးဖက်ထားတဲ့အခါ
နှစ်ယောက်လုံးက နွေးထွေးတာမျိုးဖြစ်ပြီး
တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြရတဲ့အခါမှာတော့
နှစ်ယောက်လုံးက ချမ်းအေးနေတယ်လို့ ခံစားရမှာဖြစ်တယ်
တစ်ယောက်ကို တစ်ယောက်က မျှော်လင့်စောင့်စားရတယ်ဆိုတာ
ကမ္ဘာ့အခက်ခဲဆုံး ဆန်းသပ်မှု တစ်ခုကို ဖြေဆိုရသလိုမျိုးဖြစ်ပြီး
အများဆုံး ပြင်ဆင်ထားရတဲ့ အရာတစ်ခုလည်းဖြစ်တယ်
တစ်ယောက်ကို တစ်ယောက်က ချစ်ပြီး
တစ်ယောက်ကို တစ်ယောက်က မချစ်တဲ့အခါ
ချစ်တဲ့သူဘက်က  ကိုယ့်ကိုမချစ်တဲ့သူကို ဆုံးရှုံးရခြင်းဖြစ်ပြီး
မချစ်တဲ့သူဘက်က ကိုယ့်ကို ချစ်တဲ့သူကို ဆုံးရှုံးရခြင်းဖြစ်တယ်
တစ်ယောက်ကို တစ်ယောက်က ယုံကြည်ခြင်းဆိုတာ
နှစ်ယောက်လုံးအတွက် စွမ်းအင်တစ်မျိုးဖြစ်ပြီး
တစ်ယောက်ရဲ့ ယုံကြည်မှုကို တစ်ယောက်က ဖောက်ဖျက်တယ်ဆိုတာ
ထိုစွမ်းအင်ကို အလွဲသုံးစား ပြုလုပ်ခြင်းပဲဖြစ်တယ်   
တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ်ချစ်လျှက်နဲ့ ဝေးသွားရတဲ့အခါ
အလင်းဟာ နာကျင်စရာအဖြစ် ကမ္ဘာဆီလာလိမ့်မယ်
စိတ်အတွင်းသားတွေ အကြိမ်ကြိမ်သေဆုံးကြလိမ့်မယ်
ပြီးတော့ ...
ပန်းပွင့်တွေ လေပြေလေညှင်းတွေ ကမ္ဘာပေါ်က အချစ်သီချင်းလေးတွေ က အစ
ကြေကွဲစွာ  ငိုနေလိမ့်မယ် ။
ရင်ခွင်ရှိန်း
Sunday, April 6, 2014
ဆုရီဖတ်စာ
စကားဦး  
ဘယ်အရာဝတ္တုမှ တကယ်ရှိမနေခဲ့ ဘူး
အချိန်ကာလများစွာစွာသစ်နေခဲ့ တဲ့  ဒဏ်ရာအဟောင်းတွေနဲ့ 
ကျွန်တော် ခင်ဗျားတို့ ဆီ
အသံပါတဲ့ ညနေတစ်ခုလက်ဆောင်ပါးလိုက်တယ် ..။
သိမှုမှာ အက်ကွဲနေတဲ့  ဂီတသံနဲ့ 
ကိုယ့်ကိုကိုယ် ပြန်ပြီးဖျားယောင်းနေရ
ထေ့ထေ့ငေါ့ငေါ့ရယ်မောနေတဲ့  ပွင့်ဖက်ကလေးတွေရယ်
ပါးကွက်ကြားကလေးရယ်
သူမရယ်ဟာ
ကျွန်တော့်အတွက် တန်ဖိုးမြင့်အိမ်မက်တစ်ခုဖြစ်ခဲ့ တယ်
သူမပြန်မလာသေးဘူး..။
ဟုတ်တယ်
သူမပြန်မလာတော့ဘူးလေ
ဖြူစွတ်စွတ်နှင်းပန်းကလေးတွေနဲ့ 
ယာတောခင်းပေါ်ဖြတ်လျှောက်သွားတဲ့
လေညင်းတွေတောင် အိုမင်းလာခဲ့
သူမသိပ်မြတ်နိုးတဲ့  ပန်းရောင်ဆွယ်တာ အကျီလေးနဲ့ 
လက်သပ်ရေမွှေးပန်းကလေးတွေနားတောင်
သူမပြန်မလာတော့ဘူး..။
နံနက်ခင်းဟာ သွေးသံတရဲရဲအော်မြည်နေပြီ
အမှန်တရားရဲ့ဧည့်ခန်းမှာဘယ်သူအခန့် သားဝင်ထိုင်နေသလဲ
ရောင်စုံစက္ကူလေးတွေ စွန်လုပ်ပြီးအမှတ်တရဆီပို့ လွှတ်မိတယ်
သူမတကယ်ရော ရှိနေတာဟုတ်ရဲ့လား
ကျွန်တော်မသိနိုင်ခဲ့ဘူးညနေ..။
ဲပြတင်းဝမှာ တဖွားဖွားလာစင်ကုန်ရဲ့
မေတ္တာတရားကို အလျှားလိုက်ချခင်းမိဖို့ 
ဒဏ်ရာနဲ့  ညနေတွေ တူးဆွခဲ့ ရ
ဘယ်အတွက်ကြောင့်ပဲရရ
ကျွန်တော်ရတဲ့ ဆုဟာ မလှပခဲ့ ဘူး
ကျေနပ်ခဲ့ တယ်
သူမအတွက် ကျွန်တော်ဟာ ဆုဖြစ်ခဲ့ တယ်
သူမရယ်ကတော့ပြန်မလာဖြစ်ခဲ့သူ.။
အဲ့ဒီလိုနဲ့ ပဲ.....။
" ဆု ရီ ဖ တ် စာ "
(၁)
ဆု
နင့်နာမည် ဆုတဲ့လား
ဆုတစ်ခုပဲ ဖြစ်လိမ့်မယ်..။
ငါထင်မိတယ်ဆုရီ
ဆက်ရေးဖို့ ကျန်နေတဲ့  ဒုက္ခတွေနဲ့ 
့ငါတို့ ဖြစ်တည်လာကြသလား
နင့်အမှန်တရားတွေနဲ့  ငါ့ကိုကာထားပါ
နူးညံ့ညင်သာတဲ့ လက်ဖ၀ါးပြင်လေးဟာ
ငါ့အတွက် အိပ်စက်ခြင်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်
ဘ၀ဆက်တိုင်းညောင်ပင်တွေ မစိုက်ပျိုးမိဖို့ 
ငါတို့ ဆုတောင်းခဲ့ကြတာပဲ
နေ၀င်သွားပြန်ပြီပေါ့ ဆုရီ ..။
ဟုတ်တယ်
လွန်ခဲ့တဲ့နှစ်ကာလက နွေရက်တွေမှာ
ငါတို့  ဘယ်လိုရှင်သန်လာသလဲ ငါမသိဘူး
အခြားသော ဖြစ်တည်မှုတွေစိုက်ပျိုးနေခဲ့လို့ ငါ့ကိုယ်ငါမသိဘူး
လွတ်လပ်ခြင်းဘောင်ထဲ တိတိကျကျလှောင်ပိတ်နေခဲ့ လို့ မသိဘူး
နင်သိထားတဲ့ အမှန်တရားဆိုတာလည်း ငါမသိဘူး
အဲ့ဒီအတွက်
နင်အားရပါးရ ရယ်ပါပေါ့ဆုရီ..။
နင်ဟာ
free style ၀တ်တက်တယ်
ဓါတ်ပုံရိုက်ရတာ ၀ါသနာပါတယ်
တစ်ခါတစ်ခါ အရှက်သည်းသည်း
ပြီးတော့
ဝမ်းနည်းစရာရှိရင် ၀မ်းနည်းမယ်
ကော်ဖီဆို ခါးခါးပဲသောက်တယ်
အကုန်လုံးပေါ့ ဆုရီရယ်
ငါ့သစ္စာတရားကလွဲရင်
အခြားအရာတွေအားလုံးကို
ငါသိနေခဲ့တာပေါ့..။
အရင်နှစ်တွေလိုပဲ
ကော်ဖီတွေပဲ ပိုသောက်ဖြစ်တယ်
၂ ကြိုးပြတ်နေတဲ့  ဂစ်တာပေါ်က ဖုန်တွေကိုငါမသုတ်ဖြစ်ဘူး
ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ် ဆိုတဲ့ကိုဇာသီချင်းနဲ
အတိတ်ကာလဟာ လှပလွန်းတယ်
ဟုတ်ပါတယ်ဆုရီ
ငါကိုယ်တိုင်ကကို မျက်ရည်လွယ်တာပါ..။
အဲ့ဒီလိုနဲ
ညနေခင်းနဲ့  အမှတ်တရများ
ငါ့အပေါ် ကျော်တက်သွားကြပုံကို
စိတ်အေးလက်အေး ထိုင်ကြည့်နေခဲ့တယ်
ခေါ်သံထူးသံတွေ ပျောက်ရှနေတဲ့အခါ
အမှန်တရားဟာ တကယ်ရောရှိနေပါ့မလား
ဒီတစ်ခါလည်း
သံသယတွေ မထုတ်ပိုးမိခဲ့ပြန်ဘူးဆုရီ ..။
 (၂)
နင်သိရဲ့လား ဆုရီ
ငါ့တံခါးရွက်တွေကိုစေ့ထားတုန်းပဲ
အော်သံတွေ နီးသထက်နီးလာခဲ့တာ သေချာတယ်
နှစ်ကာလနဲ့ ချီပြီး ပျောက်ရှနေတဲ့ စိတ္တဇနာမ်များဟာ
လရောင် အမျှင်စတွေနဲ့  ရောထွေးလို့ 
ထမင်းဝိုင်းပေါ် လင်းတစ်လှည့် မှိတ်တစ်လှည့်
တယောသံတွေအလား
ချစ်ခြင်းဟာအိတွဲပြီး သိပ်ခါးနေတယ်..။
ထိတ်လန့် ကြောက်ရွံ့ နေသူ လိပ်ပြာတစ်ကောင်
အဆုံးမဲ့ လွတ်လပ်ခြင်းဘောင်ထဲ
ကျီးလန့် တစာ ပိတ်မိနေသလိုမျိုး
လောကဓံနဲ့  ချစ်ခြင်းဟာ
ပန်းတွေညွတ်နေအောင် ဖူးပွင့်နေတဲ့  ဒုက္ခသစ္စာ
ငါ့ကိုဖက်ထားပါ ငါသိပ်ကြောက်နေမိတယ်ဆုရီ..။
ငါ့ကိုနွေးထွေးစွာ ဖက်ထားပေးမှာမဟုတ်လား
ဇာတ်ဝင်ခန်းဟာ အသံမပေးဘဲတိတ်တဆိတ်လုပ်ကြံဖို့  ငါ့ဆီလာနေပြီ
ချုပ်ရာဗရပွနဲ့ နှင်းတွေအနီတရဲရဲတွေကြား
အချိန်ကာလဟာ လှုပ်မရတော့ဘူး
မသိတဲ့ မသိခြင်းတွေကိုပဲ
ငါသိပ်ကြောက်နေမိတယ်ီ ဆုရီ..။
အမှန်တရားငယ်ငယ်လေးက
အမှန်တရားအကြီးကြီးကို ကြောက်ရွံ့ ရတဲ့ လောကဓမ္မတာလို
ငါတိတိကျကျကို သွေးလန့် နေတယ်..။
အမှန်တရားဟာ လုပ်ယူလို့ ရတာပဲ
ငါတို့ ရပ်တည်ဖို့ တစ်စုံတစ်ခုထက်ပိုတဲ့ အရာတွေလိုအပ်လာတယ်
ချစ်ခြင်းမေတ္တာဆိုတာကိုကငါတို့ လုပ်ယူထားတဲ့  အမှန်တရားတစ်ခုမဟုတ်လား
ဆုတောင်းတွေ မှားမစိုက်မိပါစေနဲ့  ဆုရီ..။
ငါသိချင်မိတယ် ဆုရီ
ဘယ်လိုဖြစ်တည်မှုတွေနဲ့ များ
တစ်ခုသော အချိန်ကာလမှာလှလှပပ နင်ပွင့်အာခဲ့သလဲ
နာကျင်ကြေကွဲမှုဟာ သိပ်ကိုတရင်းတနီးဆန်လွန်းတယ်
မကြာမကြာပေါ့
ငါ့တို့ ကိုယ်ငါတို့  ပြန်ဖတ်ကြည့်ဖို့ 
့နွေးထွေးတဲ့ အသိစိတ်တစ်ခု သိသိသာသာလိုတယ်
(၃)
လူမှုကွန်ယက် ၊ တယ်လီဖုန်းနဲ
့Viber မက်ဆေ့ထဲက စီးဝင်လာတဲ့စကားလုံးတွေဟာ
နာကျင်စွာ တစစီဆုတ်ဖြဲထားလို့   အမွမွ
မပြောင်းလဲဘူး
စာသင်နှစ်တစ်ခုရဲ့ နံနက်ခင်းအပိုင်းအစတွေလိုပဲ
ဆွတ်ပျံ့ ကြည်နူးဖွယ်တွေ အခုထိပြန်ရုတ်ဖို့ မေ့နေသေးတယ်
ချောင်ပိတ်မိနေတဲ့ ခွေးတစ်ကောင်ရဲ့သိမှုတွေလို
ထုံကျင်နေတဲ့  စံနှုန်းအားလုံးဟာ
အလင်းနိယာမနဲ့  သုညသီဝရီဟာ
ချစ်ခြင်းမေတ္တာနဲ့  စာသင်နှစ်ဟာ
ငါတို့ အတွက် ဘာမှမဟုတ်ဘူး ။
ဒီလိုနဲ့ ပဲ
့နွေရောက်လာခဲ့ပြန်ပြီ
ငရဲသားတစ်ယောက်ရဲ့အလွမ်းမှာ
သံရေပူတွေလည်း ခမ်းနေခဲ့တယ် *
အချိန်ကာလနဲ့  သံယောဇဉ်ပဲ
စံပယ်ပန်းတွေအောက် ထိုးဖွက်လိုက်ရမလား
မေ့လျော့အောင် အားထုတ်မှုတစ်ခုနဲ့ 
ငါသတိရနေခဲ့ပါရဲ့ဆုရီ..။
တခုတ်တရ မွေးမြူထားတဲ့အနာတရတွေ
့အချိန်ကာလဟာ နာကျင်နေပြီ
တာဝန် လူမှုရေး စသည်ဖြင့်
ဘ၀ ဆိုတာရယ်ဟာ
အနက်အဓိပါယ်ခါးခါးကြီးနဲ့ မှလား
ငါ့ကိုလိမ်ပါဆုရီ
အနာတရတွေ  အပြိုင်းပြိုင်းထနေတဲ့ 
ငါ့ဖြစ်တည်မှုတွေကို အားပါးတရလိမ်ပါ
နံရံ ၊ လက်တွေနဲ့ 
အလျှံတညီးညီး ၊ ပြီးတော့ အေးစက်
ငါဟာ
တောင်ပံမပါတဲ့  ငှက်တစ်ကောင်သာဖြစ်နေလိမ့်မယ်
ဒါမှမဟုတ်
လူသိရှင်ကြားကျကွဲထားတဲ့
သစ္စာတရားလည်းဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်..။
(၄)
ဘယ်အရာမှ ငါတို့ လိုသလောက်မရခဲ့ကြဘူး သေချာတယ်
ချစ်ကြင်နာမှု ငွေကြေး
ရှားပါးစက္ကန့် 
့နာနာကျင်ကျင်ဖြာကျနေတဲ့ လရောင်အဆုံး
ငါတို့ ဘာမှမရခဲ့ ကြဘူး
ငါတွေဝေမိပါရဲ့ ဆုရီ
ပြောင်းလဲခြင်းကတော့ သစ္စာရှိစွာ ပြောင်းလဲနေတယ်
ဟုတ်တယ်
ငါဟာချစ်ခြင်းနဲ့ မေတ္တာကိုလည်းတွေဝေနေတယ်
ဖြစ်တည်မှုနဲ့  ဖြစ်ထွန်းမှုကိုလည်းတွေဝေနေတယ်
Product နဲ့  process ကိုလည်းတွေဝေနေတယ်
တာဝန်ယူမှုနဲ့  တာဝန်ခံမှုကိုလည်းတွေဝေနေတယ်
အနုပညာနဲ့ အတ္တပစ္စည်းကိုလည်းတွေဝေနေတယ်
ဆုတ်ကိုင်မှုနဲ့ 
ဆုတ်ကိုင်မှုကို ဆန့် ကျင်တဲ့  ဆုတ်ကိုင်မှု
ငါ့တွေဝေမှုကိုပါ ငါတွေဝေနေတယ်..။
အမှန်တရားလို့ ပြောနေရသေးသရွေ့ 
ဒါဟာ အမှန်တရားဖြစ်မလာသေးဘူး
ငါတို့ သိမှုတွေမှားပွင့်လာသလား
အဲ့သလို နေ၀င်မှားဖြစ်ခဲ့တယ်ဆုရီ..။
(၅)
အရာအားလုံးဟာ အေးစက်ခဲ့
နွေးထွေးစွာ ၀ိရိယကင်းမဲ့ မှုမှာ
အိမ်မက်ဟာ မိသားစုလို
ထား..ရစ် ..ခဲ့ ..ပြန်..တာ..ပဲ
ပြန်မလာဘူး..။
နင့်အမှန်တရားကိုစိုက်ပျိုးဖို့ 
ငါ့ကို လိုလိုမလိုလို သတ်သွားပါ..။
လေတိုးသံတွေ
သာခွင့်မကြုံနိုင်တဲ့ လမင်းဟာ ရွှမ်းလဲ့လှပလို့ 
့ကော်ဖီတွေဖိတ်စင်နေတယ်
ငါမသုတ်ဖြစ်ဘူး
ဟုတ်တယ်
အမှားလုပ်သူတွေများလာတဲ့အခါ
နားလည်မှုနဲ့ လက်ခံမှုကို
ငါတို့ နေ့ စောပြီး နားလည်ခဲ့ တဲ့  အမှန်တရားဟာ မှားတယ်..။
အဲ့ဒီလို
ချစ်ခြင်းမေတ္တာဟာ
တစ်ခါတစ်ခါ
ကိုယ့်ကိုကိုယ်ပြန်လိမ်နေရသလိုမျိုး
လှပစွာ ကြည်နူးဖို့ ကောင်းတယ်ဆုရီ..။
ဥယျာဉ်မှားပြီးပွင့်လာခဲ့ တဲ့  ပန်းကလေးတွေရယ်
ဒဏ်ရာရယ် ညရယ်
ဘ၀ကို  အပိုင်းလိုက်ဖြတ်ကြည့်နေတဲ့ 
သိမ်ငယ်မှုနာရီများရယ် ….
အခက်အခဲတွေကြားကပဲ
နှင်းဆီတွေ ဖြစ်သလိုဖူးပွင့်လာကြပါလိမ့်မယ်..။
ဓီရ်ခေတ်အိမ်
၂၉  မတ် ၂၀၁၄
* မိုးရေထဲမှာ ကျွတ်ကျနေခဲ့ တဲ့ ဖိနပ်လေး(မောင်မိုးမြင့်) ၏ စာသား 
Tuesday, April 1, 2014
စေတန်သို့တမ်းချင်း
တမင်ရည်ရွယ်ခဲ့တာမဟုတ်ပေမယ့်
အထိနာခဲ့တယ်ဆိုတာ..
မသိခဲ့တာလား
မသိချင်ယောင်ဆောင်ခဲ့တာလား
 စေတန်
မခံချင်စိတ်နဲ့မာနဆိုတာကို
ထည်လဲဝတ်ဆင်ရင်း
ယိုင်နဲ့နဲ့ပဲငါအားတင်းဆက်လျှောက်နေဆဲပါ…
အပေးအယူဆိုတာကို
ခေါင်းထဲထည့်မတွက်ပေမယ့်..
ငါမတန်မရာ ရခဲ့တာက
နောင်တတွေ…
စေတန်…….
အပေါစားဆန်တဲ့
လှည့်ကွက်တွေအောက်က
ခပ်ညံ့ညံ့စကားလုံးတွေကတစ်ဆင့်…
အပြုံးတုတွေနဲ့ နင့်ကြောင့်…..
ခပ်ကြောင်ကြောင် အတွေးတွေနဲ့..
ပူလောင်နေတဲ့ငါ့ကိုယ်ငါ……
သိပ်….မုန်း……တယ်….
စေတန်……..
ကမ္ဘာကြီးက ကျဉ်းတယ်တဲ့..
နယူတန်ရဲ့နိယာမအတိုင်းဆို….
တနင့်တပိုး ဆတူခံစားရမယ့်..
ခပ်ပေါပေါနှလုံးသားအတွက်…..
ညစ်ကျယ်ကျယ် လှောင်ရယ်သံတွေ
စောင့်ကြိုနေတယ်…………
Thanatkhar July
Sunday, March 23, 2014
nOtiCe
nOtiCe…… 1
မွန်ဆီယာရေ
ကိုယ်က…
တကယ်တော့ 
စိတ်ကူးတွေနဲ့ ခရီးဆက်တဲ့လူပါ
ကိုယ့်ခံစားချက်တွေကို 
ဆည်ဖို့ မထားတတ်တဲ့လူပါ……
ဒီတော့ကွယ်
သကြားအုပ်ထားတဲ့ ဆေးခါးခါး တွေနဲ့တော့
ကိုယ်က ကွဲပြားကောင်း ကွဲပြားပါလိမ့်မယ်
nOticE……2
မွန်ဆီယာရေ………
ကိုယ် မင်းကို ချစ်တယ်
သိပ်ကို ချစ်တယ်ကွယ်
ကချေသည်ရဲ့ လက်က
ပန်းဆက်ခွင့် မပါဘူး ဆိုလည်း
တိုးတိုး တိတ်တိတ်ပဲ ဖြစ်ဖြစ်
ကိုယ်…… မင်းကို ချစ်တယ် ။
NoTiCE……3
မွန်ဆီယာရေ……
ကံကြမ္မာနဲ့ စီးချင်းထိုးဖို့
အစီအစဉ်ဆွဲတဲ့အခါ
ကိုယ်ဟာ သူရဲကောင်းဖြစ်ချင်ဖြစ်မယ်
အရှုံးသမား ဖြစ်ချင်ဖြစ်မယ်
ဘာပဲဖြစ်ဖြစ်
ကိုယ့်အတွက် 
မှတ်ဥာဏ်မှာ မင်း ကျန်ရစ်နေလိမ့်မယ်
nOtIcE……4
မွန်ဆီယာရေ…
မင်းပြောဖူးသလိုပေါ့
ဘဝဟာ သုညမှာစပြီး သုညနဲ့ဆုံးတယ်ဆိုတာ
ကိုယ်ဟာ လောဘကြီးပါတယ်ကွယ်
ရှင်သန်ခွင့်ရတုန်းတော့
မင်းရဲ့ အင်္ကျီစလေးပဲ ဖြစ်ဖြစ်
မလွှတ်တမ်း ဆွဲထားချင်သေးတယ်
NotIce…… 5
မွန်ဆီယာရေ
အနာကျင်ရဆုံး လူဆိုတာ
နောက်ဆုံးမှ သေရတဲ့ လူတွေဖြစ်တယ်
မင်း … ဘယ်တော့မှ မငိုနဲ့
ကိုယ့်ရဲ့ အနက်ရောင်ခေါင်းတလားပေါ်မှာ
နှင်းပန်းဖြူဖြူတွေကို
အစွမ်းကုန် ပေးပွင့်လိုက်စမ်းပါ…
Notice……6
မျဉ်းမပိတ်ကြေးကွယ်
နှုတ်ဆက်ခဲ့ပါတယ်
မွန်ဆီယာ………
စုန်း